33 C
Yangon

အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ်စျေးကွက် ပျက်စီး၊ စစ်တပ်နှင့်စသုံးလုံးက ဒေါ်လာအရောင်းအဝယ်များကို ဖမ်းဆီးရန် လုပ်နေပြီး တစ်ဒေါ်လာလျှင် ငွေကျပ် ၂၅၀၀ နီးပါးအထိ ရောက်ရှိ၊ စီးပွားရေးသမားတိုင်း မြန်မာကျပ်ငွေ မကိုင်ထားရဲတော့

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

ပြည်တွင်းငွေလဲစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ်စျေးကွက် ပျက်စီးသွားပြီး ကြိုက်ရောင်းကြိုက်ဝယ်စျေးကွက်ဖြစ်ပေါ်နေကာ စစ်တပ်ကလည်း ဒေါ်လာ အရောင်းအဝယ်များကို ဖမ်းဆီးရန် လုပ်ဆောင်နေသည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက်ခင်းမှစတင်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၂၃၅၀ မှ ၂၅၀၀ ကျပ်အထိ လိုအပ်ချက်ပေါ်မူတည်၍ ညှိနှိုင်းရောင်းချကြကြောင်း၊ ဒေါ်လာဝယ်ယူကြသော စီးပွားရေးသမားများ များပြားပြီး ရောင်းချသည့်ပမာဏပေါ်မူတည်၍ အရောင်းအဝယ်လုပ်ကြကြောင်း၊ လိုအပ်ချက်ရှိသူများက တစ်ဒေါ်လာ ၂၄၅၀ ကျပ်အထိ ပေး၍ ဝယ်ယူကြကြောင်း၊ အရောင်းကောင်တာတချို့ကမူ တစ်ဒေါ်လာ ၂၅၀၀ အထိ စျေးပေါက်သည်ဟု ကြေညာကြကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။

“အခု စသုံးလုံးနဲ့ စစ်တပ်ဘက်က ဒေါ်လာ ဝယ်ရောင်းတွေကို ဖမ်းဖို့ လုပ်လာတယ်။ အဲဒီတော့ ကိုယ့်ဟာကိုယ် စျေးကွက်ဖြစ်တဲ့နေရာတွေမှာ မရောင်းတော့ဘဲ အခြားနေရာတွေ ညှိနှိုင်းပြီး လုပ်နေရတာ။ မနက်က တစ်ဒေါ်လာ ၂၅၀၀ ၊ ၂၄၅၀ အထိ စျေးပေါက်တယ်။ အခု နည်းနည်းပြန်အေးတယ်။ ဖမ်းမယ်ဆီးမယ်လုပ်နေလို့ပါ။ ပမာဏများများ စုသူတွေကတော့ တစ်ဒေါ်လာကို ၂၃၅၀ နဲ့ ဝယ်ပေးနေတယ်။ လက်ငင်း Cash ပေး‌ပြီး ဝယ်ကြတယ်။ ဒေါ်လာလိုက် သိမ်းတာပေါ့” ဟု ဒေါ်လာဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ပြောသည်။

စစ်တပ်၏ သတ်မှတ်စျေးသည် အမေရိကန်တစ်ဒေါ်လာ ၁၈၅၀ ကျပ်စျေးဖြစ်သော်လည်း အဆိုပါစျေးဖြင့် မည်သူကမှ အရောင်းအဝယ်မလုပ်ကြောင်း သိရှိရသည်။

ပြည်တွင်း ရွှေစျေးကွက်တွင်မူ တစ်ဒေါ်လာလျှင် ၂၃၅၀ ကျပ်ဖြင့် စျေးဖြတ်ထားသဖြင့် ရွှေစျေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၁ သိန်း ၂ သောင်း မှ ၂၁ သိန်း ၄ သောင်းအကြား စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းရွှေအသင်းက သတ်မှတ်သော ရွှေစျေး ဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သား လျှင် ငွေကျပ် ၂၀၆၀၀၀၀ ဖြင့် မည်သူကမှ အရောင်းအဝယ်မလုပ်ဟု သိရှိရသည်။

လက်ရှိတွင် စီးပွားရေးသမားတိုင်း မြန်မာကျပ်ငွေကို မကိုင်ထားရဲတော့ဘဲ ဒေါ်လာ၊ ရွှေ၊ ကား၊ မြေကွက်ဘက်သို့ ဦးတည် ရင်းနှီးမြှုပ်နှံနေကြောင်း၊ အဓိက အားဖြင့် မြန်မာငွေ တန်ဖိုး ဆိုးဆိုးဝါးဝါး ထိုးကျနိုင်သည်ဆိုသော သုံးသပ်ချက်များက ပြည်တွင်းပြည်ပ စီးပွားရေးအသိုင်းအ၀ိုင်းတွင် ကြီးမားစွာ ရိုက်ခတ်နေကြောင်း သိရှိရသည်။

“ပြည်ပ အကြွေးတွေ မဆပ်နဲ့ဆိုတဲ့ နောက်ဆက်တွဲ၊ နိုင်ငံခြားငွေစာရင်းတွေကို မြန်မာငွေ သတ်မှတ်စျေးနဲ့လဲခိုင်းတဲ့ ဂယက်က ကြီးပါတယ်။ နိုင်ငံတကာသတင်းတွေမှာ အနီးဆုံး ထိုင်းသတင်းတွေမှာတောင် မြန်မာပြည်စီးပွားရေး ပျက်စီးတော့မယ်ဆိုတာ ရေးနေကြပြီ သားနေကြပြီ။ ဆိုတော့ ဘယ်သူကမှ ကျပ်ငွေ မကိုင်ရဲတော့ဘူး။ နီးစပ်ရာအကုန် ကျပ်ငွေကို အသွင်ပြောင်းနေကြပြီ။ ဒေါ်လာနဲ့ ရွှေကတော့ လိုသလောက် ဝယ်မရဘူး။ အဲဒီတော့ ကားနဲ့ မြေကွက်ဘက်လည်း တချို့က လှည့်ကြတယ်။ ကျပ်ငွေကတော့ တန်ဖိုးမရှိသလိုဖြစ်နေတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article