ရန်ကုန်၊ ဧပြီ ၁၈
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် PSLF/TNLA ဘက်က ကြိုဆိုထောက်ခံခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်းတို့လက်အောက်ရှိ တအောင်းပြည် ကျန်းမာရေးကောင်စီ (THC) နှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းလိုက်ကြောင်း ဆေးတက္ကသိုလ် (မန္တလေး) ကြားကာလ တက္ကသိုလ်ကောင်စီ (UMMIUC) က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။
UMMIUC အနေဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ဟန် ချက်ညီညီ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ Ta’angland Health Council နှင့် ပူးပေါင်းကာ ‘Tealand Medical School’ ပေါ်ပေါက်လာရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် TNLA က မင်းအောင်လှိုင်အား သမ္မတအဖြစ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည့် လုပ်ရပ်သည် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ သွေးမြေကျ ပေးဆပ်မှုများနှင့် CDM ကျန်းမာရေးဝန်ထမ်းများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုကာ နွေဦးတော်လှန်ရေး၏ အခြေခံမူဝါဒများကို သစ္စာဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု UMMIUC က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
ဧပြီလ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် “တရားမဝင် အကြမ်းဖက်စစ်အုပ်စုအား အသက်သွင်းပေးသည့် မည်သည့်လုပ်ရပ်ကိုမဆို ကျွန်ုပ်တို့အနေဖြင့် လုံးဝ (လုံးဝ) လက်ခံနိုင်စရာ အကြောင်းမရှိပါ” ဟု အတိအလင်း ဖော်ပြထားသည်။
ထို့ကြောင့် UMMIUC အနေဖြင့် PSLF/TNLA လက်အောက်ခံ ကျန်းမာရေးကောင်စီ (THC) နှင့် ဖြစ်စေ၊ Tealand Medical School နှင့် ဖြစ်စေ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အားလုံးကို ယခုအချိန်မှစ၍ အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အများပြည်သူသို့ အသိပေးထားသည်။
အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံး၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုနှင့်အတူ တစ်သားတည်း ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း UMMIUC က ကတိပြုထားသည်။





