ရန်ကုန်၊ ဧပြီ ၁၈
အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးထားရာမှ မိသားစုနှင့်ပြန်လည် ဆုံစည်းနိုင်ပြီဖြစ်သော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ကို ကြိုဆို နှုတ်ခွန်းဆက်လိုက်ပြီး မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က ကြေ ညာသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ သမ္မတအဖြစ် တရားဝင် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်းနှင့် ၎င်းပြန်လည်လွတ်မြောက်လာမှုအပေါ် ဝမ်းမြောက်စွာ ကြိုဆိုနှုတ်ခွန်းဆက်ကြောင်း ယမန်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်၍ မတရားဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သမ္မတကြီးအနေဖြင့် ကျန်းမာစွာဖြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းရသည့်အတွက် NUCC အနေဖြင့် ပြည်သူလူထုနှင့်ထပ်တူ ဝမ်းမြောက်ရကြောင်း ဆိုသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိ အမှတ်ပြုထားကြောင်းလည်း NUCC က အလေးအနက် အတည်ပြုထားသည်။
NUCC အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး၊ တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲကာ နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးသစ္စာဖြင့် ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ- နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်။ (ပုံအဟောင်းဖြစ်ပါသည်။)




