ရန်ကုန်၊ ဧပြီ ၁၈
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းခြင်းနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ လွတ်မြောက်လာခြင်းများ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်း ချမ်း သာခွင့် ကြေညာခဲ့ပြီး အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် သမ္မတဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍သော်လည်းကောင်း၊ NLD CEC များနှင့်ပတ်သက်၍ သော်လည်း ကျန်ရှိသော သတင်းများမှာ အတည်မပြုနိုင်ကြောင်း ဦးနေဘုန်းလတ်က ပြောဆိုသည်။
“လက်ရှိအချိန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုဆီ ပြန်လည်ရောက်ရှိတာတစ်ခုကသာ သတင်းအမှန်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတယ်။ ဘဘဦးဝင်းထိန်လွတ်တယ်။ ဝန်ကြီးချုပ်အချို့လည်း လွတ်တယ် ဆိုတာတွေဟာ အတည်ပြုလို့မရသေးတဲ့ ကောလဟာလတွေ အဆင့်မှာပဲ ရှိပါသေးတယ်။ မတရားဖမ်းဆီးခံထားရတဲ့ အန်တီနဲ့တ ကွ နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်မြောက်ဖို့နဲ့ မြန်မာ့မြေပေါ်ကနေ စစ်အာဏာ ရှင်စနစ်ကို အမြစ်ဖြတ်မောင်းထုတ်နိုင်ဖို့ ကျွန်တော်တို့တွေအားလုံး တော်လှန်ရေးကို မျက်ခြေမပြတ် ရှေ့ဆက်ကြိုးစားကြရဦးမယ်ဆိုတာ သတိချပ်ကြဖို့ပါ” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။
NLD ပါတီ၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်သည် အိုးဘိုထောင်တွင် အကျဉ်းကျခံနေရပြီး လက်ရှိတွင် လွတ်မြောက်လာခြင်းမရှိကြောင်း ဦးဝင်းထိန်၏ သမီးဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့်သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတ ဟု သုံးနှုန်းကာ ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့တွင် အကျဉ်းသားအကျဉ်းသား ၄၅၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးသည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။




