32 C
Yangon

PDF တပ်များက စစ်တပ်၏ နှောင့်ယှက် သွေးခွဲမှုကြောင့် ယိမ်းယိုင်သွားမည်မဟုတ်ဘဲ တော်လှန်ရေး ရည်မှန်းချက်ရောက်ရှိသည်အထိ တစိုက်မတ်မတ် လျှောက်လှမ်းသွားမည်ဟု တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၈

PDF တပ်များက စစ်တပ်၏ နှောင့်ယှက် သွေးခွဲမှုကြောင့် ယိမ်းယိုင်သွားမည်မဟုတ်ဘဲ တော်လှန်ရေး ရည်မှန်းချက်ရောက်ရှိသည်အထိ တစိုက်မတ်မတ် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြောဆိုလိုက်သည်။

အဆိုပါ ပြောကြားချက်သည် မြိတ်ခရိုင် တပ်ရင်း ၃ ထံ ဒုတိယအကြိမ်အဖြစ် လက်နက် တပ်ဆင်ပေးအပ်ပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နွေဦးတော်လှန်ရေးကာလ ငါးနှစ်ကျော်အတွင်း တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် တပ်ရင်း(၃)အပါအဝင် တပ်ရင်းတပ်ဖွဲ့များသည် စိန်ခေါ်မှု အခက်အခဲများကြားမှ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူပါကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဆင့်ကဲကွပ်ကဲမှုအောက်တွင်သာ အခိုင်အမာရပ်တည်လျက်ရှိပြီး ရန်သူ၏ မည်သည့်နှောင့်ယှက်သွေးခွဲမှုကြောင့်မျှ ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း၊ မိမိတို့တော်လှန်ရေး၏ ရည်မှန်းချက်ရောက်ရှိသည်အထိ တစိုက်မတ်မတ် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေး၏ အဆုံးသတ်အောင်ပွဲရရှိရေးအတွက် ရဲဘော်များအားလုံး အမြဲတမ်းအသင့်ရှိနေကြရန်” ဟု တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြောဆိုခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကြောင့် ယခုချိန်အထိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝသော ရဲဘော်များဖြစ်ရန် နှင့် COC နှစ်ရပ်ကို လိုက်နာပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ကြရန်၊ လေ့ကျင့်ရေး နှင့် စစ်ဆင်ရေးများ တပြေးညီဆောင်ရွက်သွားရန် အခမ်းအနားပွဲကို တက်ရောက်လာသော တိုင်းစစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းကလည်း ပြောကြားခဲ့သည်။

ထို့ပြင် အခမ်းအနားပွဲ တက်ရောက်လာသော အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော် စောဒါးကို၊ အမှတ် ၃၅ နည်းဗျူဟာမှူး ရဲဘော် ကျော်ထင်အောင်တို့မှလည်း ရဲဘော်များကို အမှာစကားပြောကြားခြင်း၊ မြိတ်ခရိုင် တပ်ရင်း ၃ တပ်ရင်းမှူး ရဲဘော် အယ်ကြီးမှလည်း ကျေးဇူးတင်စကားပြောကြားခြင်း နှင့် လက်နက်လက်ခံရယူခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၃ သည် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘက်မလိုက်ပြောက်ကျား)မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ရုံးချုပ်မှ PDF တပ်ရင်းအဖြစ် တရားဝင်အသိအမှတ်ပြုပြီးနောက် ဒုတိယအကြိမ်အဖြစ် လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article