ရန်ကုန်၊ ဧပြီ ၁၉
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တိုက်ကမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ကမ်းရွာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ အကြားကို လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ် ၂ လုံး နှင့် ဘုန်းကြီးကျောင်း အုတ်တံတိုင်းများပြိုကျကာ ကျောင်းခေါင်မိုးကို ဗုံးစများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်သွားသော တိုက်ကမ်းရွာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ရွာကို ပစ်မှတ်ထားပြီး ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းပဲ ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ဆက်လက်၍ ပြည်သူများ နေထိုင်သော ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာနိုင်သောကြောင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။






