30.9 C
Yangon

ဖားကန့်မြို့နယ်၊ အောင်ရာကျေးရွာတွင် ခရီးသွားပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ စစ်တပ်က ဖမ်းဆီးထားသော ပြည်သူအရေအတွက် ၃၀ ကျော်လာ

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ အောင်ရာကျေးရွာတွင် ခရီးသွား ပြည်သူတစ်ဦးကို စစ်တပ်က ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းအနက် ကင်းပုန်းချထားသော စစ် သားများက အသက် ၄၀ ကျော်အရွယ် ဆိုင်ကယ်ဖြင့် ခရီးသွားနေသူ အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“စစ်ကြောင်းထိုးတာနဲ့ တည့်တည့်တိုးတာ၊ လုံးခင်းထဲ ကင်းပုန်းတွေနဲ့ စိုးမိုးထားတာပေါ့၊ အခုချိန် အထိ ပစ်သတ်ခံရတဲ့အမျိုးသားက ဘယ်သူမှန်းလည်းမသိရသေးဘူး။ ပိုင်ရှင်မဲ့ပဲဖြစ်နေတုန်းပဲ၊ ညနေ ပိုင်းလောက်မှာ သင်္ဂဟလူမှုကူညီရေးအသင်းက သုဿန်ကို ပို့ထားပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို လုံးခင်းကျေးရွာအုပ်စု၊ ရပ်မိ၊ ရပ်ဖများ၏ အကူအညီတောင်းခံမှု ကြောင့် လုံးခင်းအုပ်စုအခြေစိုက် သင်္ဂဟ လူမှုကူညီရေးအသင်းက သုဿန်သို့ ပို့ဆောင်ထားပြီး မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ကဖြစ်စေ၊ အသိမိတ်ဆွေထဲဖြစ်စေ သေဆုံးသူ၏ မိသားစုဝင်များ သိရှိစေ ရေး ဆက်သွယ်ပေးကြပါရန် သင်္ဂဟလူမှုကူညီရေးအသင်းက ကြေညာထားသည်။

ယင်းအပြင် ဧပြီလ ၂၁ ရက်နေ့ ည ၁၀ နာရီကျော်အချိန်ကလည်း အကြမ်းဖက် စစ်တပ်က လုံးခင်းကျေးရွာ အုပ်စု အတွင်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး Mai ဆေးရုံမှ ဆရာဝန်များ အပါ အဝင် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသည့် ဆရာဝန်များ အပါအဝင် ပြည်သူ ၂၀ ကျော်မှာ လက်ရှိချိန်ထိ အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေကြောင်း၊ ဧပြီလ ၂၂ ရက်နေ့ညပိုင်းတွင်လည်း စစ်တပ်က ပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး ဖမ်းဆီးခံရသော ပြည်သူ ၃၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က လူမှုကွန်ရက်ပေါ် ပြည်သူတွေ သတိထားသွားလာကြဖို့သတင်းတင်တဲ့ လုံးခင်းဒေသခံ ဦးဇော်မိုးကို ဖမ်းတယ်။ နောက်ပြီး လုံးခင်းကျေးရွာ မိုင် ဆေးခန်း ဆရာဝန်နဲ့ ကျန်းမာရေး တွေကို ဖမ်းသွားတယ်။ အောင်ရာ ဥရု ဟိုတယ်မှ ဝန်ထမ်း၊ တည်းခိုသူတွေကိုလည်း စစ်တပ်က ဖမ်းသွားတယ်။ ဖမ်းထားတာ စုစုပေါင်း ၃၀ ကျော်ရှိသွားပြီ။ ဘယ်မှာ ဖမ်းထားလဲ မိသားစုဝင်တွေက လိုက်မရဘူး” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းများ ခွဲ၍ ဖားကန့်ဒေသသို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article