31 C
Yangon

နတ်မောက်မြို့နယ်တွင် စစ်တပ်က ဆွံအနားမကြား ညီအစ်ကို ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နှစ်ကြိမ်တိုင်တိုင် စစ်ကြောင်းထိုး ခဲ့သည့် စစ်တပ်က ဆွံအနားမကြားသည့် ညီအစ်ကိုနှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့တွင် နတ်မောက်မြို့နယ်ရှိ ရုံးပင်ကွက်ကျေးရွာ၊ ကံဦးကုန်းကျေးရွာနှင့် ကျည်းကန်ကျေးရွာတို့သို့ စစ်တပ်က ပထမအကြိမ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း၊ ထိုစဉ်က ကံဦးကုန်းကျေးရွာမှ ကိုရဲမင်းဆိုသူအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုံးပင်ကွက်ကျေးရွာမှ နေအိမ် ၅ လုံး၊ ကံဦးကုန်းကျေးရွာမှ နေအိမ် ၂ လုံးနှင့် ကျည်းကန်ကျေးရွာမှ နေအိမ် ၁၈ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လယ်ထွန်စက်နှင့် ဆိုင်ကယ်များကိုလည်း ဖျက်ဆီးယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ကိုအဆိပ်သီးက “စစ်တပ်က စစ်ကြောင်းထိုးစတင်တာက ဧပြီလ ၁၀ ရက်နေ့ကစဝင်တာပါ။ ပြည်သူ့နေအိမ်တွေ မီးရှို့ပြီး ဧပြီလ ၁၉ ရက်နေ့မှာ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းကျေးရွာအထိ ပြန်ထွက်သွားတာ။ အဲလိုထွက်သွားတဲ့အချိန်မှာ ပြည်သူတွေပိုင်တဲ့ ဆိုလာမီးပုံးတွေကို အကုန်လုံးဖြုတ်ယူသွားတယ်၊ အိမ်ထဲကနေ အဖိုးတန်လက်ဝတ်ရတနာ ရွှေငွေကအစ အကုန်ရှာပြီးတော့ ယူတယ်။ နောက်ပြီးတော့ ဝက်တွေလည်း ပစ်သတ်ပြီး ချက်စားသွားတာ၊ ကံဦးကုန်းကျေးရွာက ကိုရဲမင်းဆိုတဲ့ ပြည်သူတစ်ယောက်ကို ဖမ်းသွားပြီး အသတ်ခံရတယ်လို့တော့ သတင်းရတယ်။ အလောင်းတော့ ရှာမရသေးဘူး” ဟု ပြောကြားခဲ့သည်။

ယင်းနောက် ဧပြီလ ၂၁ ရက်နေ့တွင် အဆိုပါစစ်ကြောင်းက နတ်မောက်မြို့နယ်အတွင်းသို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာပြီး ပေပင်ရှည်ကျေးရွာအနီးမှနေ၍ ကျောက်တောင်ကျေးရွာရှိ ရွှေမေတ္တာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦးမောင်ညို သေဆုံးခဲ့ပြီး ဘုန်းကြီးတစ်ပါးမှာလည်း ခြေထောက်ပြတ်ထွက်ကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ထို့ပြင် ဦးမောင်ဆိုသူ၏ နေအိမ်ပေါ်သို့လည်း ဗုံးကျဲခဲ့သဖြင့် အိမ်ပျက်စီးသွားသော်လည်း လူများရှောင်တိမ်းနေချိန်ဖြစ်၍ ထိခိုက်မှု မရှိခဲ့ပေ။

စစ်ကြောင်းသည် ကျည်းကန်ရွာဘက်သို့ ဆက်လက်ဝင်ရောက်လာပြီး ကျေးရွာထိပ်ရှိ တောတိုက်တွင် နေထိုင်သည့် ဆွံအနားမကြား ညီအစ်ကိုနှစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ကိုဟန်မြင့်နှင့် အသက် ၃၈ နှစ်အရွယ် ဝင်းမြင့်တို့ကို ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးပုံရှို့ထားခဲ့သည်။

ကိုအဆိပ်သီးက “ဧပြီလ ၂၁ ရက်နေ့မှာ ပြန်လာပြီးတော့ ပေပင်ရှည်ကျေးရွာနားကနေ ဒရုန်းလွှတ်ပြီးတော့ ကျောက်တောင်၊ ရွှေမေတ္တာဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးချတယ်။ ဗုံးချတော့ ကိုမောင်ညိုဆိုတဲ့ ပြည်သူတစ်ယောက် သေတယ်။ နောက်ဘုန်းကြီးက ခြေထောက်ပြတ်သွားတယ်၊ အဲဒီ ပေပင်ရှည်ရွာနားလေးကပဲ ဦးမောင်ရဲ့ နေအိမ်ပေါ်ကိုလည်း အိမ်ပေါ်တည့်တည့် ဗုံးချသွားတာ။ အဲဒီကနေ ဆက်ဝင်လာပြီးတော့ ကျည်းကန်ရွာထိပ်က တဲတိုက်ထဲက ညီအစ်ကိုနှစ်ယောက်၊ တစ်ယောက်က နားမကြားဘူး၊ တစ်ယောက်က စကားမပြောတတ်ဘူး၊ အဲဒီညီအစ်ကိုနှစ်ယောက်ကို ပစ်သတ်ပြီးတော့ အလောင်းတွေကို မီးရှို့သွားတာ။ အဲဒီ ၂၁ ရက်နေ့က ရွာ ၃ ရွာကို ပြန်ဝင်ပြီးတော့ ပါလာတဲ့ ကားတွေနဲ့ ပစ္စည်းတွေကို တိုက်ယူသွားတယ်၊ အဝတ်ဘီရိုတွေပါ ယူတာ၊ လယ်ထွန်စက်တစ်စီးနဲ့ ဆိုင်ကယ်တွေလည်း ယူသွားတယ်၊ တချို့ဆိုင်ကယ်တွေ မီးရှို့ခဲ့ပါတယ်” ဟု ရှင်းပြသည်။

ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် အဆိုပါ စစ်တပ်စစ်ကြောင်းက နတ်မောက်မြို့နယ်၊ ကံလေးကုန်းကျေးရွာဘက်သို့ ရောက်ရှိနေပြီး အခြားစစ်ကြောင်းတစ်ခုမှာလည်း မြင်းတဲကြီးကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်တပ်က ပြည်သူများကို သတ်ဖြတ်ရန်နှင့် ပိုင်ဆိုင်မှုများကို လုယက်ရန်သက်သက်သာ ရည်ရွယ်၍ လှုပ်ရှားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article