30.9 C
Yangon

စလင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဧပြီ ၂၃

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ပြည်သူ့ညီနောင်- စလင်းသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စလင်းမြို့နယ်၊ စီရင်ဦးကျေးရွာဘက်သို့ စစ်သားနှင့် ပျူစောထီး ၂၀ ခန့်သည် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် စီရင်ဦးကျေးရွာအနီးရှိ ဇရပ်နားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သည် စစ်ကူရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ထုတ်ကာ စလင်းမြို့ဘက် သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“စစ်ခွေးတွေဘက်တော့ ထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီးသည်နှင့် တစ်ပြိုင် နောက်မှ စစ်ခွေး ၁၀ ယောက်ဝန်းကျင်ဖြင့် ထပ်မံ အင်အားဖြည့်ဝင်ရောက်လာခါ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို သယ်ယူ၍ စလင်းဘက် သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရတယ် ကျွန်တော် တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု ပြည်သူ့ညီနောင်- စလင်းသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊စလင်း မြို့ပြ(UG)ကျားပေါက်အဖွဲ့နှင့် ပြည်သူ့ညီနောင် – စလင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စစ်ကြောင်းထိုးရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်ခွာလာစဉ် ပခုက္ကူမြို့နယ်၊ မကျီးကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီခန့်တွင် မကျီးကန်ရွာမှ ပြန်လည်ထွက်ခွာလာစဉ် COBRA ONE Pakokku တပ်ဖွဲ့မှ ရဲဘော်များက မိုင်းကွင်းများဖြင့် အသင့်စောင့်ဆိုင်းကာ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ အထိုင်တပ်ရှိရာကို ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထိုတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မိုင်းမဆွဲလိုက်ရဘူး။ စစ်ခွေးတွေက မိုင်းကွင်းထဲမလာဘဲ ကျန်တဲ့ဘက်က ထွက်လာလို့ လက်နက်ကြီးနဲ့ပဲ ပစ်ရတယ်။ ထိခိုက်မှုကတော့ မရှိပါဘူး။ သူတို့နဲ့ ယာခင်း ၃ ခင်းလောက်မှာ ကျကွဲတာလို့ သိရပါတယ်။ အဓိကကတော့ အညာမြေကို မလာနိုင်အောင် လုပ်ဆောင်ရတာပါ။ သူတို့ဘက်က ဒရုန်းတွေပါလာတော့ အတော်ဂရုစိုက်ပြီး လုပ်ဆောင်ရတယ်။ ပြောချင်တာကတော့ ပြည်သူများအနေနဲ့ စစ် ကြောင်းလာရင် မထီမဲ့မြင်မလုပ်ကြဖို့ ကြိုတင်ရှောင်ရှားကြရန်နဲ့ တော်လှန်ရေးရဲဘော်များ စုဖွဲ့တိုက်ခိုက်ရန် နေရာယူခြင်းများကို နှုတ်ဆိတ်စွာ နေပေးပြီး တိုက်ခိုက်မှုကို မတားဆီးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု COBRA ONE Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့်စစ်ကားတချို့ကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article