ရန်ကုန်၊ ဧပြီ ၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင် ဆုတောင်းကုန်းနှင့် လုံးခင်း ဂေါက်ကွင်းအနီးရှိ အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်နှင့် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းနှင့် လုံးခင်းရွာ ဂေါက်ကွင်းအနီးရှိ အကြမ်းဖက် စစ်သားနှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ လက်ရှိချိန်ထိ ပေါက်ကွဲသံများ ပစ်ခတ်သံများ ကြားနေရကြောင်း သိရှိရသည်။
“ဒရုန်းနဲ့ တိုက်ခိုက်တာက ၂ နေရာလို့ သိရတယ်။ မရှီကထောင် ဆုတောင်းကုန်းနဲ့ လုံးခင်း ဂေါက်ကွင်းအနီးက ဆေးရုံးဟောင်း နေရာမှာရှိတဲ့ စစ်ခွေးနဲ့ ပြည်သူ့စစ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်တာ ကျနော်တို့ သိရသလောက်ကတော့ ၂ နေရာပေါင်း စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးတယ်။ ထိခိုက် ဒဏ်ရာရတာတွေလည်းရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဖားကန့်မြို့နယ် အတွင်း အရပ်သားပြည်သူများကိုလည်း အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေပြီး ဧပြီလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် လုံးခင်းကျေးရွာ အောင်ရာရပ်ကွက် မိုင်ဆေးရုံ (Mai Hospital) ကိုဝင်ရောက်စီးနင်းကာ ဒေါက်တာ ရာဇာထွန်း အပါအဝင် ပြည်သူ ၂၅ ဦးနှင့် အောင်ရာရပ်ကွက်ရှိ ဥရုဆွတ်အောင် Uru sut awng motel) မှ မန်နေဂျာ ဦးဇော်နန်း အပါအဝင် ပြည်သူ ၁၀ ဦးကိုလည်း အိမ်စီးကားများဖြင့် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။




