ရန်ကုန်၊ ဧပြီ ၂၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကျောင်သား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ မှ တာဝန်ရှိသူနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့နယ် အခြေစိုက် ခလရ ၄၂ တပ်ရင်းမှ တက်လာသော သေခံဒရုန်း ၃ စီးသည် မုဆိုးခြုံရွာ စာသင်ကျောင်းနှင့် အနီးအနားရှိ ပြည်သူပိုင် နေအိမ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ် အရွယ် မခိုင်မာစိုး ဗုံးစထိမှန်သေဆုံးပြီး ဆရာမ ၁ ဦး၊ Grade-8 ကျောင်းသား ၃ ဦး၊ကျောင်းသူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်သူများလည်း ပါဝင်ကြောင်း သိရှိရသည်။
“ရွှေဘို အခြေစိုက် ခလရ ၄၂ ကနေပြီး အသေခံဒရုန်းတစ်စီး စပြီးလွှတ်တင်ခဲ့တယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ နောက်ထပ် ၂ စီးထပ်ပြီး လွှတ်တင်ခဲ့တယ်။ ပေါင်းသုံးစီးပေါ့။ အဲဒီ ၃ စီးက ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာ မူလွန်ကျောင်း ကျောင်းဆောင်ပေါ်ကို တစ်စီး၊ ကျောင်းရှေ့ကို တစ်စီးနဲ့ ကျောင်းရဲ့တောင်ဘက်က အရပ်သား ပြည်သူနေအိမ်မှာတစ်စီး ကျရောက်ပေါက်ကွဲခဲ့တယ်။ ဆရာမ ၁ ဦး၊ Grade 8 ကျောင်းသား ၃ ဦး၊ကျောင်းသူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက် ၃၀ နှစ်အရွယ် အရပ်သား ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့ အရပ်သား ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။






