30.9 C
Yangon

ဖားကန့်မြို့နယ်၊ နမ္မဖြစ်စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး မိသားစုဝင် ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဥရုချောင်းဖျားဒေသရှိ နမ္မဖြစ်ကျေးရွာ ကတ်သလစ်ဘုရားကျောင်း စစ်ဘေးရှောင်စခန်းအတွင်း သို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး မိသားစုဝင် ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသရှိ စစ်ဘေးရှောင်အရေးကူညီသူများထံမှ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက် (ကြာသပတေးနေ့) ည ၁၀ နာရီအချိန် နမ္မဖြစ်ကျေးရွာရှိ နဂါးရုံဘုရားကုန်း၌ တပ်စွဲထားသော စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် ၆၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်သည် နမ္မဖြစ်ကျေးရွာ ကတ်သလစ်ဘုရားကျောင်းအတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် အဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဒုမ်ဒေါ့လာတောင်နှင့် ဒေါ်မရိပ်မခိုင် တို့၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျတ်အောင် (Sut Jat Awng)မှာ နေအိမ်အတွင်း စာဖတ်နေစဉ် လက်နက်ကြီးစ ထိမှန်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် မိသားစုဝင်များဖြစ်သော ဒေါ်မရိပ်မခိုင်၊သားဖြစ်သူ မောင်ဒုမ်ဒေါ့နော်လတ် ၊ ဒေါ်လဖိုင်ဂျာဒွယ်နှင့် ဒေါ်ဂျေဝါခေါန်နန်တို့မှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ အထူးသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် မိခင် ဒေါ်မရိပ်မခိုင်နှင့် သားဖြစ်သူ မောင်ဒုမ်ဒေါ့နော်လတ် တို့မှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“သူတို့ပစ်တဲ့အချိန်က အိပ်ရာဝင်နေကြပြီ။ သေဆုံးတဲ့ကလေးကတော့ အသက် ၁၃ နှစ်ပဲရှိသေးတယ်။ စစ်ရှောင်စခန်းကို တမင် ပစ်တယ်လို့ ယူဆတယ်။ အဲဒီစစ်ဘေးရှောင်စခန်းမှာ လက်နက်ကိုင်တပ်တွေမရှိပါဘူး” ဟု စစ်ဘေးရှောင်အရေးကူညီနေသော ဖားကန့်ဒေသမှ သတင်းရင်းမြစ်က ရှင်းပြသည်။

ဖားကန့်ဒေသသတင်းရင်းမြစ်တချို့ကမူ ဖားကန့်၊ နဂါးရုံဘုရား တွင် စခန်းချနေသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကို လက်စားချေသည့်အနေဖြင့် စစ်ဘေးရှောင်စခန်းကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဖားကန့်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကာ စစ်တပ်က စစ်ကြောင်းထိုးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း၊ ယင်းအပြင် ပြည်သူများကို စစ်တပ်က မတရားဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဖားကန့်ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article