ရန်ကုန်၊ ဧပြီ ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၁၂ မိနစ်ခန့်အချိန် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ်တက်လာသော စက်တပ်လေထီး ၁စီးသည် ပခုက္ကူတပ်အနီးတွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း၊ ထိုသို့ စက်တပ်လေထီး ပျက်ကျမှုအတွင်း မောင်းနှင်သူ ၂ ဦး ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပျက်ကျသွားသော စက်တပ်လေထီးမှာ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး စက်တပ်လေထီး၁ စီးက ပခုက္ကူ တပ် ၁၀၁ တပ်မှ တက်လာပြီး ပခုက္ကူတပ် ၁၀၁ တပ်အဝန်းထဲမှာ စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်။ စက်တပ်လေထီးပေါ်မှာ ပါလာတဲ့ စစ်ခွေးက သေဆုံးတယ် မသေဘူးဆိုတာကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ စက်ချို့ယွင်းပြီး စက်တက်လေထီးကတော့ ပျက်စီးသွားတယ်။ ထိခိုက်မှုကတော့ ရှိနိုင်တယ်။ နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းဆဲပါ ” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ- ၂၂) မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်တပ်ဂိတ်အနီးတွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီး စစ်တပ်၏ စက်တပ်လေထီး(ပါရာမော်တာ) ၁ စီးပျက်ကျပြီး စက်တပ်လေထီးမောင်းနှင်နေသော တပ်သားနှစ်ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ- ၂၀၂၅ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းတွင် ပျက်ကျခဲ့သော စစ်တပ်၏ စက်တပ်လေထီး ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




