ရန်ကုန်၊ ဧပြီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် DKBA ဗိုလ်ဘိအဖွဲ့က ကျေးရွာများကို ဆက်တိုက် မီးရှို့ပြီး ဒရုန်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ပိုင်းမှ စတင်၍ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊ ထီဖိုးစံရွာဘက်ကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်နှင့် DKBA ဗိုလ်ဘိအဖွဲ့သည် ထီဖိုးစံရွာထဲ၌ နေထိုင်ပြီး နောင်မီရွာ၊ ကော့ဖန်ရပ်ရွာ၊ ထီဖိုးစံရွာ၊ ကော့ကလောင်ရွာ၊ ကွီမောင်တိုင်ရွာနှင့် မြပတိုင်နိုင်ရွာရှိ နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် DKBA ဗိုလ်ဘိအဖွဲ့သည် ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း နေ့စဉ် စိတ်ကြိုက် ခိုးယူလျက်ရှိပြီး ရွာများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း ပြန်လာသော ပြည်သူများကိုလည်း နေထိုင်ခွင့်မပေးဘဲ မောင်းထုတ်ကြောင်း သိရှိရသည်။
ကော့ကရိတ်မြို့နယ် တောင်ခြမ်းတွင်လည်း မောင်းမရွာသစ်ရွာနှင့် သာယာကုန်းရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဒရုန်းဗုံးကျဲ တိုက်ခိုက်ခြင်းများလုပ်ဆောင်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တော်လှန်ရေးတပ်များနှင့် စစ်ရေးတင်းမာမှုများရှိကြောင်း သိရသည်။
“ကော့ကရိတ်တောင်ခြမ်းကော၊ မြောက်ခြမ်းကော စစ်ခွေးတွေက ပြည်သူပိုင်နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာတာ တွေ့ရတယ်။ နောက်ပြီး ကျေးရွာတွေကိုလည်း နေ့စဉ်ကို စစ်ခွေးတွေနဲ့ ဒရုန်းနဲ့ ဗုံးလိုက်ကျဲနေတာ မြေပြင် ထိတွေ့တိုက်ပွဲ ကြီးကြီးမာမာမရှိဘဲ စစ်ခွေးတွေက ရမ်းကားနေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ ကော့ကရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးပြီး ကျေးရွာများကို ဆက်တိုက် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




