ရန်ကုန်၊ ဧပြီ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျဆုံးစစ်သည်များအတွက် ချထားပေးသည့် မြေကွက်များကို ကစထမှူး ၄ ဗိုလ်ချုပ်ကျော်လင်းမောင်၊ ဗိုလ်မှူးကြီးတိုးလင်း၊ ဗိုလ်မှူးကြီး ဉာဏ်မင်းဇော်၊ ဗိုလ်မှူးကြီး ဝေနိုင်စိုး၊ ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ ဗိုလ်မှူးကြီး နေယုတို့၏ မိသားစုဝင်များက ရယူထားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ပွဲအတွင်း ကျဆင်းစစ်သည်များအတွက် ပထမဆုံးအကြိမ်အဖြစ် မြေကွက်များ ချထား ပေးခဲ့ကြောင်း၊ ယင်းသို့ ချထားပေးစဉ် တိုင်းမှူးမှာ လက်ရှိ ကစထမှူး ၄ ဖြစ်နေသူ ဗိုလ်ချုပ်ကျော်လင်းမောင်ဖြစ်ပြီး လက်ရှိတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေရင်း ကျဆုံးသူများကိုသာ မြေကွက်ချပေးမည်ဟုဆိုကာ ကျန်ရစ်သူ စစ် သည်များ၏ မိသားစုများကို မြေကွက်များ ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
အဆိုပါ မြေကွက်များကို ယခင်တိုင်းမှူး ယခု ကစထမှူး ၄ ဗိုလ်ချုပ်ကျော်လင်းမောင်၊ ဗိုလ်မှူးကြီးတိုးလင်း၊ ဗိုလ်မှူးကြီး ဉာဏ်မင်းဇော်၊ ဗိုလ်မှူးကြီး ဝေနိုင်စိုး၊ ဗိုလ်မှူးကြီး မျိုးမင်းအောင် နှင့် ဗိုလ်မှူးကြီး နေယု တို့နှင့် နီးစပ်သူများက ရရှိခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၆ ခုနှစ် မတ်လအတွင်း ဒုတိယအသုတ်အဖြစ် ကျဆုံးစစ်သည်များအတွက် မြေကွက်များ ထပ်မံချထားပေးရာတွင်လည်း အမှန်တကယ် ကျဆုံးသော စစ်သည်များနှင့်အရာရှိများကို မြေကွက်များ ပေးအပ်ခြင်းမရှိဘဲ ဗိုလ်ချုပ်ကျော်လင်းမောင်၏ ဇနီးဖြစ်သူ မိမိညိုမီအောင်က ဦးဆောင်၍ မြေကွက်များကို အရာရှိများ၏ ဇနီးများအတွက်သာ ပြန်လည် ချထားပေးခဲ့ကြောင်း သိရှိရသည်။
“ကျဆုံးစစ်သည်တွေအတွက် ဖော်ပေးတယ်လို့ အကြောင်းပြပြီး အမှန်တကယ် ကျဆုံးစစ်သည်တွေကိုတော့ အနည်းငယ်ပဲပေးပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိလူကြီးတွေကပဲ သူတို့နာမည်နဲ့ တစ်မျိုး၊ သူတို့မိန်းမတွေနာမည်နဲ့ ထပ်ခါထပ်ခါ ခွဲဝေယူနေကြတာပါ”ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ကျဆုံးစစ်သည်များအတွက် ရည်ရွယ်ထားသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ “လှိုင်ရတနာ” မြေ ကွက်သစ်စီမံကိန်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဇနီးများနှင့် မိသားစုဝင်များက အမည်ပေါက် ခွဲဝေယူထားကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“အခုချိန်မှာ ယောင်္ကျား တိုက်ပွဲကျလို့ မိန်းမက ဘယ်မှာနေရမှန်းမသိ ဖြစ်နေချိန်မှာ အရာရှိကြီးတွေကတော့ လောဘဇောတက်ပြီး မြေကွက်တွေပိုင်နေကြတယ်။ စစ်တပ်ထဲက မညီမျှမှုတွေ၊ အောက် ခြေရဲဘော်တွေ သေနေပေမယ့် ဗိုလ်ချုပ်ကျော်လင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်မိမိညိုမီအောင်ရဲ့ ဩ ဇာလွှမ်းမိုးမှုနဲ့ မလျော်လောဘတက်ဖြစ်နေကြတာ။ သူတို့ရာထူးတက်ဖို့ပဲ ဂရုစိုက်ပြီး အောက်ခြေရဲဘော်တွေကို ပြန်မကြည့်ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း အကျင့်ပျက်ခြစားမှုများ ဖြစ်ပါ်နေသော်လည်း အချင်း ချင်းအကြား ပြန်လည် ဖေးမကြကြောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ် ဖြစ်လာသော ဗိုလ်ချုပ် သူရဇော်လွင်စိုးမှာလည်း ယခင်ဖြစ်ပေါ်နေခဲ့သော အကျင့်ပျက်ခြစားမှုများကို မသိရှိအောင် အချင်းချင်းဖုံးကွယ်ပေးထားကြကြောင်း သိရှိရသည်။
“အခုကတော့ တိုင်းမှူး အသစ်ပြောင်းသွားပြီ။ ဗိုလ်ချုပ် သူရဇော်လွင်စိုး ဖြစ်လာတယ်။ ဒါပေမယ့် ရှေ့မှာ ဖြစ်ခဲ့တဲ့ အဂတိမှုတွေကို အချင်းချင်း ဖုံးကွယ်ပေးကြတယ်။ အရှေ့မှာတုန်းက ယခင်ဒုတိုင်းမှူးဟောင်း ဗိုလ်မှူးကြီး ဗညားဝင်း ဘားအံမှာ လာဘ်ပေးလာဘ်ယူမှု ပြဿနာဖြစ်လို့ ရန်ကုန် စရက ၂ က ဒုတပ်မှူးက လာစစ်တယ်။ အဲဒီလိုလာစစ်တဲ့အရာရှိကို တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်က မြေကွက်ပေးပြီး လက်သိပ်ထိုးလိုက်တော့ ဒုတိုင်းမှူးလည်း ထောင်လုံးလုံးကျသွားတယ်။ အချင်းချင်း ဖုံးကြကွယ်ကြတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မော်လမြိုင်တွင် လာဘ်ပေးလာဘ်ယူမှုများ၊ မြေကွက်မှုများ အကြီးအကျယ် ခြစားခဲ့သော တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်သည် ၂၀၂၄ ခုနှစ် မတ်လမှစတင်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ၂၀၂၆ ခုနှစ် ယခုဧပြီလအတွင်း ကစထမှူး ၄ အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရသူဖြစ်သည်။
ဓာတ်ပုံ- ယခင်တိုင်းမှူး ယခု ကစထမှူး ၄ ဗိုလ်ချုပ်ကျော်လင်းမောင်နှင့်ဇနီး။






