30 C
Yangon

သာယာဝတီနှင့် အုတ်ဖိုတို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများ အလွန်များပြားနေပြီး စိတ်ကျန်းမာရေးမကောင်းသည့်​ မောင်နေထက်လင်း ပျောက်ဆုံးနေ၊ စစ်တပ်၏ ပေါ်တာဆွဲမှုအတွင်း ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများ အထူးစိုးရိမ်ပူပန်နေကြရပါသည်။

စစ်တပ်၏ ပေါ်တာဆွဲမှုများ အလွန်များပြားနေသော သာယာဝတီမြို့နယ်၊ ကရင်စုရပ်ကွက်၊ စစ်တန်းလျားလမ်းတွင် နေထိုင်သည့် အသက် (၁၈) နှစ်မပြည့်သေးသော မောင်နေထက်လင်းသည် ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မောင်နေထက်လင်းမှာ မွေးရာပါ စိတ်ကျန်းမာရေး သိပ်မကောင်းသည့် ကလေးတစ်ဦးဖြစ်ပြီး ဩဂုတ် လတွင်မှ အသက် ၁၈ နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးမှုများ များပြားနေသည့် ကာလဖြစ်သဖြင့် ၎င်း၏အသက်အန္တရာယ်အတွက် မိသားစုဝင်များက အလွန်အမင်း စိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရှိရသည်။

“ကျွန်တော်ညီလေး မောင်နေထက်လင်းက ဧပြီလ ၂၃ ရက်နေ့ ညနေ့ ၅ နာရီလောက်မှာ ပျောက်သွားပါတယ်။ မွေးရာပါ သိပ် ဦးနှောက် မကောင်းတဲ့ ကလေးပါ။ အသက် ၁၈ နှစ်က ဒီနှစ် ဩဂုတ်လမှာ ပြည့်မှာပါ” ဟု မိသားစုဝင်တစ်ဦးက ရှင်းပြသည်။

အလားတူ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ရှိ ဂုံညင်းတန်းတာဆုံဂိတ်တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များသည် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ အတင်းအဓမ္မ လုပ်ဆောင်နေပါသည်။

အထူးသဖြင့် ပျူစောထီးခေါင်းဆောင် စိုးမင်းသည် လူငယ်များကို ဖမ်းဆီးရာတွင် ထွက်ပြေးလွတ် မြောက်ရန် ကြိုးပမ်းသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရပါသည်။

ယခုရက်ပိုင်း လမ်းသွားလမ်းလာ ဆိုင်ကယ်စီးလာသည့် ပြည်သူ ၃ ဦးကို မသင်္ကာဟုဆိုကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါသည်။

ပျူစောထီးခေါင်းဆောင် စိုးမင်းသည် ပေါ်တာဆွဲဖမ်းဆီးမှုများတွင် ဦးဆောင်နေသူဖြစ်ပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (TikTok) ပေါ်တွင်လည်း ပြည်သူများကို စိန်ခေါ်သည့် ရေးသားမှုများနှင့် ဓာတ်ပုံများကို ဖော်ပြကာ အဆွဲကြမ်းနေသူတစ်ဦးအဖြစ် ဒေသခံများကြား နာမည်ကျော်နေသူ ဖြစ်သည်။

ဓာတ်ပုံ- စစ်တပ်၏ ပေါ်တာဆွဲမှုများအတွင်း ပျောက်ဆုံးနေသည့် သာယာ၀တီမြို့နယ်မှ စိတ်ကျန်းမာရေး မကောင်းမွန်သော မောင်နေထက်လင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article