ရန်ကုန်၊ ဧပြီ ၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဂေါက်ကွင်းရှိ ဆေးရုံဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး လုံးခင်ဂေါပ်ကွင်းရှိ ဆေးရုံဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်း တပ်က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်ထိ ပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားနေရကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဟောင်းကို ဒရုန်း ၃ ကြိမ် ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို လုံးခင်းကျေးရွာအဝင် လယ်ပြင်ယမ်းချက်စက်ရုံ စစ်တပ် အထိုင်စခန်းများကို သယ်ဆောင်သွားကြောင်း သိရှိရသည်။
“ဒရုန်းတွေနဲ့ တိုက်ခိုက်တာက နံနက်တည်းက တိုက်ခိုက်နေတာ အခုထိလည်း တိုက်ခိုက်နေတုန်းပဲ စစ်ခွေးတပ်စွဲထားတဲ့ ဆေးရုံဟောင်းထဲကို ဒရုန်းဗုံး ၃ ကြိမ်ကျပြီးတော့ စစ်ခွေးတွေဘက်က ၁၂ ကောင်သေတယ်လို့တော့ သိရတယ်။ သေဆုံး မသာအလောင်းတွေကို လယ်ပြင်ယမ်းချက်စက်ရုံ အထိုင်ချ စစ်ခွေး စခန်းတွေရှိရာကို သယ်ဆောင်သွားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧပြီလ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းနှင့် လုံးခင်းရွာ ဂေါက်ကွင်းအနီးရှိ အကြမ်းဖက် စစ်သားနှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်းသိရသည်။




