ရန်ကုန်၊ ဧပြီ ၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ အနီးတဝိုက်တွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်ထားသော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ အနီးတဝိုက်တွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်ထားသော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က ပစ်သတ်ခဲ့သော ပြည်သူ ၃ ဦး၏ အမည်များနှင့် နေရပ်လိပ်စာများကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထိုနေရာအနီးတဝိုက်တွင် အကြမ်းဖက် စစ်တပ်က စစ်ရေးလှုပ်ရှားနေခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲများလည်း ဖြစ်ပွားမှုရှိကြောင်း သိရှိရသည်။
“လုံးခင်း မှော်စီဆာရွာ အနီးတဝိုက်မှာ ရုပ်အလောင်းတွေကို တွေ့တာလို့သိရတယ်။ စစ်ခွေးတွေ ပစ်သတ်တာ ၃ ဦးလို့တော့ သိရတယ်။ ရုပ်အလောင်း တစ်လောင်းပုံတော့ မရသေးဘူး။ အဲနားတဝိုက်မှာ စစ်ခွေးတွေက စစ်ရေးလှုပ်ရှားနေတာ နောက်ပြီး ထိတွေ့ တိုက်ပွဲတာတွေလည်း ရှိတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်လို့ သူတို့ ထိခိုက်တာရှိပြီဆို ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အောင်ရာကျေးရွာဘက်တွင် စစ်တပ် ကင်းပုန်းက ပစ်ခတ်မှုကြောင့် အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း နမ္မဖြစ်ကျေးရွာရှိ နဂါးရုံဘုရားကုန်း၌ တပ်စွဲထားသော စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျတ်အောင် လက်နက်ကြီးကျည်စ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဧပြီလ ၁၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က နှိပ်စက်သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းကို မရှီကထောင်နှင့် စည်ပင် လမ်းဆုံရှိ ရွှေမြန်မာဆီဆိုင်အနီးတွင် အိမ်စီးကားဖြင့် လာရောက် စွန့်ပစ်ခဲ့ကြောင်း သိရသည်။





