ရန်ကုန်၊ ဧပြီ ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် သက်တော် ၁၅ နှစ်အရွယ် ကိုရင် ရှင်ဝိသုတ၊ အသက် ၈ နှစ်အရွယ် မောင်ဟိန်းညီညီထက်နှင့် မောင်ကျော်ကိုကိုတို့ သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် သေဆုံးသူကလေးငယ်များ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရှိ ပျူစောထီးကျေးရွာဖြစ်သော မင်းရွာမှ စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ငတေရော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာစဉ် ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ငတေရော်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ရှင်ဝိသုတ၊ အသက် ၈ နှစ်အရွယ် မောင်ဟိန်းညီညီထက်နှင့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်ကိုကို (ခ) မောင်မြတ်သူရကျော်တို့ သေဆုံးသွားကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာမရှိဘူး။ ဒရုန်းနဲ့ ကျေးရွာထဲကို ဗုံးလာကျဲတာ။ သေဆုံးသွားတာက G-10 ကျောင်းသား အသက် ၁၆ နှစ်အရွယ် မောင်ကျော်ကိုကို (ခ) မောင်မြတ်သူရကျော်၊ နောက်ပြီးတော့ အသက် ၈ နှစ်အရွယ် မောင်ဟိန်းညီညီထက်၊ သူကတော့ G-2 ကျောင်းသားလေး၊ အသက် ၁၅ နှစ်အရွယ် ရှင်ဝိသုတကတော့ ကိုရင်ငယ်ပဲရှိသေးတယ်။ ဝါတော် ၄ ဝါပဲရှိသေးတယ်” ဟု သေဆုံးသူကလေးငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။
ယင်းအပြင် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး G-10 ကျောင်းသားဖြစ်သော အသက် ၁၆ နှစ်အရွယ် မောင်ဖိုးစီမှာ ဘယ်ဘက်ရင်ဘတ်တွင် ဗုံးစထိမှန်ဒဏ်ရာရရှိကြောင်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဖိုးချမ်း (ခ) မောင်ချမ်းထက်စံမှာလည်း ညာဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများကို အဆက်မပြတ်လုပ်ဆောင်လာပြီး ပြည်သူများနေထိုင်သော ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။






