ရန်ကုန်၊ ဧပြီ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၆ ရက်နေ့တွင် ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ရွာနှင့် ဝဒတ်ရွာဘက်ကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်ကို ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ခါကာဘို ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ပြီး ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ကြောင်း တစ်ကြောင်းလုံးတော့ မပြုတ်ဘူး။ စစ်ကြောင်းတစ်ခုလုံးကတော့ တပ်ပျက်ပြီး ဆုတ်ပြေးသွားတယ်လို့တော့ သိရတယ်။ ထိခိုက်သေဆုံးတာကတော့ များနိုင်တယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ဘောဂလိ-မော်ချီးလမ်း ၄၈ မိုင်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၇၉ မမ ဗုံးအလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ယင်းစခန်းသို့ စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ တော်လှန်အင်အားစုများတွေအနေနဲ့ အရပ်သားအရေခြုံ သမ္မတအတု မင်းအောင်လှိုင် အဖွဲ့ရဲ့ အတုအယောင် ဟန်ပြငြိမ်းချမ်းရေးကို လက်ခံစဉ်းစားသွားမှာ မဟုတ်ဘဲ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနဲ့ တော်လှန်ရေးပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ဆက်လက်ပြီး ရရာလက်နက်ဖြင့် တော်လှန်ပုန်ကန်သွားမှာဖြစ်တယ်။ ထုတ်ပြန်တာ နောက်ကျတာက မြေပြင်အခြေနေအကြောင်းကြောင်းနဲ့ လိုင်းအခက်အခဲတွေကြောင့် လုပ်ဆောင်ခဲ့ပြီးတဲ့ စစ်ဆင်ရေးတွေကို အခုမှ ထုတ်ပြန်နိုင်ခြင်းဖြစ်ပါတယ်” ဟု Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ တောင်ငူခရိုင်ရှိ ရဲတပ်ရင်း ၁၁ ကိုလည်း မတ်လ ၂၈ ရက်နေ့ တွင် ၇၉ မမ ဗုံး ၁၀ လုံးဖြင့် အတွဲလိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)၊ NSA-31 အဖွဲ့ နှင့် Burma Rangers 21 (BR 21) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




