ရန်ကုန်၊ ဧပြီ ၂၈
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသော အလေ့အထကို အဆုံးသတ်ရန်နှင့် အကြမ်းဖက်မှုသံသရာကို ဖြတ်တောက်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုထက်ပိုမို၍ ထိရောက်စွာ အရေးယူဆောင်ရွက်ကြရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ယနေ့ (ဧပြီလ ၂၈ ရက်) တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်Tm Andrews က ၎င်း၏ နောက်ဆုံးအစီရင်ခံစာဖြစ်သည့် “From Impunity to Justice” (ပြစ်ဒဏ်ကင်းလွတ်ခွင့်မှ တရားမျှတမှုဆီသို့) ကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာ တရားဥပဒေအထက်တွင် ရှိနေသည့် အုပ်ချုပ်သူများကြောင့် နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ထောက်ပြထားသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က “မြန်မာနိုင်ငံက အကျပ်အတည်းတွေကို အဆုံးသတ်ဖို့ဆိုရင် မြန်မာပြည်သူတွေကို တိုက်ခိုက်နှိပ်စက်နေတဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကို ဖျက်ဆီးပစ်ဖို့ လိုအပ်သလို၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း တရားဥပဒေအရ အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ရှာဖွေနေသူတွေအတွက် ထောက်ပံ့ကူညီမှု ပေးတဲ့နေရာမှာ အခုထက်ထိ အားနည်းလွန်းနေပါသေးတယ်” ဟု ထည့်သွင်းပြောကြာသည်။
အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာတိုင်အောင် အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလူနည်းစုများကို နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ကြီး လေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သော်လည်း ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တစ်ဦးတစ်ယောက်မျှ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိမလာသေးသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေကြကြောင်း သတိပေးထားသည်။
ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် ပျက်ကွက်နေခြင်းမှာ ကမ္ဘာကြီး၏ တရားမျှတမှုအပေါ် ထားရှိသော ကတိကဝတ်ကို ဖောက်ဖျက်ရာရောက်ကြောင်း ဝေဖန်ထားသည်။
နိုင်ငံတကာအနေဖြင့် ICJ တရားရုံး၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ကို ကြိုတင်ပြင်ဆင်ထားရန်နှင့်၊ ဗြိတိန်နိုင်ငံ (UK) နှင့် အာဆီယံ (ASEAN) တို့ကလည်း မြန်မာစစ်တပ်အပေါ် ဖိအားပေးရန်နှင့် ဝိုင်းပယ်ထားရန် ဦးဆောင်ဆောင်ရွက်သင့်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် သံသရာကို ဖြတ်တောက်နိုင်မည့် အခွင့်အလမ်းများမှာ ယခုတိုင် ရှိနေဆဲဖြစ်သော်လည်း ယင်းအခွင့်အလမ်းများကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတကာ၏ ပြတ်သားသော “နိုင်ငံရေးဆန္ဒ” သာ လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ Tom Andews သည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်မှ တရားဝင် အနားယူသွားပြီဖြစ်ပြီး ၎င်း၏ နေရာတွင် Kelley Anne Eckels-Currie က တာဝန်ယူနေပြီဖြစ်သည်။




