ရန်ကုန်၊ ဧပြီ ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်း ဒေါ်တင်ဝင်းနှင့် စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူ အပါအဝင် Non-CDM ဝန်ထမ်း ၄ ဦး ဆက်တိုက်ဖမ်းဆီးခံထားရပြီး စစ်တပ်က ဖမ်းဆီးခံရသူများကို ကယ်ဆယ်ပေးမည့်အစား ပေါ့ဆမှုအတွက် ဌာနဆိုင်ရာ ထုချေလွှာများ တင်ခိုင်းနေကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရသည်။
ဧပြီလ ၁၉ ရက်နေ့တွင် မော်လမြိုင်မြို့မှ ရေးမြို့သို့ ပြန်လာသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစာရေး ဒေါ်တင်ဝင်း အပါအဝင် Non-CDM ဝန်ထမ်း ၃ ဦးသည် ရေး-မော်လမြိုင် အမှတ် ၈ လမ်းမကြီးပေါ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဧပြီလ ၂၄ ရက်နေ့တွင်လည်း ခေါဇာမြို့နယ် စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူမှာလည်း မုဒုံမြို့မှ ရေးမြို့သို့ အစည်းအဝေးတက်ရောက်ရန်အလာ လမ်းခရီးတွင် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
ရေးမြို့နယ်တွင် နယ်မြေမငြိမ်းချမ်းမှုကြောင့် Non-CDM ဝန်ထမ်းများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ထားပြီး ယခုကဲ့သို့ ဝန်ထမ်းများ ဆက်တိုက် ဖမ်းဆီးခံရခြင်းအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများအပြင် နယ်မြေစစ်တပ်ကိုပါ ရှင်းလင်းချက်နှင့် ထုချေတင်ပြလွှာ တောင်းခံနေကြောင်း သိရှိရသည်။
Non-CDM ဝန်ထမ်းများကို ရေးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တချို့က ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း လက်ရှိ သတင်းထုတ်ပြန်ရန် ခွင့်ပြုချက်မရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
“ဒါက အပေါ်က ကိုင်တွယ်နေလို့ ပြောလို့မရသေးဘူး။ အထက်က ဘာမှမပြောဖို့ ပြောထားပါတယ်။” ဟု တော် လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယခုကဲ့သို့ Non-CDM ဝန်ထမ်းများ ဆက်တိုက် ဖမ်းဆီးခံရခြင်းအပေါ် စစ် တပ်က ကယ်ဆယ်ရေး မဆောင်ရွက်ဘဲ ဌာနဆိုင်ရာ ထုချေလွှာတင်ခိုင်းနေခြင်းအပေါ် Non-CDM ၀န်ထမ်းများအကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ဓာတ်ပုံ- အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန်ရေးတပ်များက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)




