31 C
Yangon

ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ်တို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေ၍ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ဆင်စွယ်ကျေးရွာအတွင်းရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနောက်ဘက်ရှိ မင်းမကုန်းကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ အနောက်မြောက်ဘက်ရှိ ငါးနန်းအထက်ရွာ၊ ငါးနန်းအောက်ရွာ နှင့် မောက်လုပ်ရွာများကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၅၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ယင်းမာပင်မြို့နယ် မြောက်ပိုင်းတွင်လည်း အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် ဧပြီလ ၂၇ ရက်နေ့ ညပိုင်းတွင် တရော်ကျင်းကျေးရွာအတွင်း ညအိပ်တပ်စွဲခဲ့ပြီး ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း၌ စစ်ကြောင်း ၂ ခုခွဲကာ တရော်ကျင်းရွာမှ ချောင်းရိုးအတိုင်း အနောက်တောင်ဘက်ရှိ ဝါးစိမ်းတောင်ဘက်ကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းသည် ချင်းနှင့် ရခိုင်ပြည်နယ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ဆက်သွယ်ရေးလမ်းကြောင်းများနှင့် လောင်စာဆီ ပို့ဆောင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက သုံးသပ်ပြောဆိုသည်။

“မုံရွာ-ကလေးလမ်းမကြီး ဘန်ဘွေးပျူစောထီးရွာကနေ တရော်ကျင်းရွာနဲ့ အနောက်တောင်ဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကြောင်းတွေက ကနီကနေလာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ချင်တဲ့ သဘောဖြစ်မယ်လို့ သုံးသပ်မိတယ်။ အဲ့လမ်းက ကချင် ဘက်ကနေ စစ်ကိုင်းတိုင်းဖြတ်ကူးပြီး ရခိုင်နဲ့ ချင်းပြည်နယ်ဘက် ဖြတ်သန်းသွားလာနေတဲ့လမ်းကြောင်းဖြစ်နေတာ။ နောက်ပြီး အခြားအထက်ပိုင်းကို လောင်စာဆီပို့နေတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ ထိန်းချုပ်ချင်တဲ့ အနေအထားပါ။ စစ်ရှောင်နေရတာ ကတော့အရင်ရက်ပြောထားတဲ့ကျေးရွာတွေအပြင် ယင်းမာပင်နယ်မြောက်ပိုင်းကကျေးရွာတွေပါ စစ်ဘေးရှောင်နေကြရတယ်။ တောတွေထဲမှာ ဖြစ်သလိုနေကြရတယ်။ မိုးကလည်း ရွာလာပြီဆိုတော့ ဒုက္ခတွေများလာတာပေါ့။ လူတွေအတွက်သာမက တိရိစ္ဆာန်တွေကျွဲ နွား အတွက်ပါ အမိုးအကာ အတွက် တောသူတောင်သားတွေ အခက်အခဲဖြစ်တာပေါ့။ မုံရွာကနေ ချင်းတွင်းတံတားဖြတ်ပြီး ရွှေတောင်ဦးလမ်းဆုံကနေ မုံရွာ ကလေးလမ်း ယာကြီးလမ်း ဘက်ကနေဝင်တာဆိုတော့ အဲ့လမ်းပိုင်းနား ရွာတွေလည်း ရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အစပ်ရှိ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီပြည်သူများသည် နေရပ်မပြန်နိုင်ဘဲ တောတောင်များအတွင်း မိုးဦးကျကာလအတွင်း အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ကနီမြို့နယ်အတွင်း စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် ချောင်းမ-ကနီ လမ်းပိုင်းနှင့် မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းအနီးရှိ ချောင်းမ ရရွာ၊ ချောင်းမ နရွာ၊ ချင်းတောင်ရွာ ၊ လယ်ရှည်ရွာ ၊ အောင်မင်္ဂလာရွာနှင့် ဇီးပင်တွင်းရွာများ အပါအဝင် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်တွင် ကနီမြို့နယ် အတွင်း မိုးရွာသွန်းလျက်ရှိသောကြောင့် ပြည်သူများ အမိုးအကာများလည်း လိုအပ်လျက်ရှိပြီး စစ်တပ် စစ်ကြောင်းထိုးနေသည့် လမ်းပိုင်းများကို ပြည်သူများ အသုံးမပြုရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။

“ကနီမြို့နယ်တွင်းသို့ စစ်ခွေး စစ်ကြောင်း ရောက်လာတယ်ဆိုတာက ဘယ်ကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းလဲဆိုတော့ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစခန်းမှ ထွက်လာတဲ့ စစ်ခွေးတွေပါ။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစခန်းမှ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက ကနီမြို့နယ် ကျေးရွာများကို ယနေ့မှ စထိုးတာပါ။ စစ်ခွေး အင်အားကတော့ အတိအကျကတော့ မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်းထိုးလို့ ကနီမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာက ကျေးရွာအမည်တွေက ချောင်းမ ရ၊ ချောင်းမ န ၊ ချင်းတောင် ၊ လယ်ရှည် ၊ အောင်မင်္ဂလာ ၊ ဇီးပင်တွင်းကျေးရွာ တို့ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article