28 C
Yangon

ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦး သေဆုံး၊ ပေါက်နှင့် မြိုင်နယ်အစပ်ရှိ ရေနံမြေဒေသကိုလည်း လေကြောင်းမှ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၉

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ် ၂ စီးဖြင့် ကျင်ဒွေးမြို့ပေါ်သို့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျင်ဒွေးမြို့ခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး အခြားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် JCB တစ်စီး၊ ဖောကားတစ်စီးနှင့် ဆိုင်ကယ် ၃ စီးတို့လည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတဲ့ ပြည်သူ ၈ ဦးလုံးက ကျင်ဒွေးမြို့ကပါ။ တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ လာတိုက်တာပါ။ သေဆုံးသူတွေက အသက် ၂၀ ကျော်နဲ့ ၄၀ ကျော်အရွယ်တွေ ဖြစ်ကြပါတယ်။ ဒဏ်ရာရတဲ့သူ ၃ ဦးကိုလည်း ဆေးကုသပေးနေပါတယ်” ဟု ကန်ပက်လက်မြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ရေနံမြေဒေသတစ်ခုကိုလည်း အကြမ်းဖက်စစ်တပ်က ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့်လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“ပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိပါဘူး။ နေအိမ်အချို့တော့ အနည်းငယ် ပျက်စီးသွားတယ်။ ပြည်သူတွေအနေနဲ့ အခုအချိန်မှာ စစ်ကြောင်းရော လေကြောင်းအန္တရာယ်ကိုပါ အထူးသတိထားပြီး နေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article