28 C
Yangon

မြန်မာ့အရေးတွင် တိုးတက် ခိုင်မာသောပြောင်းလဲမှုများ မမြင်ရသေးဘဲ အလျှင်စလို ထိတွေ့ဆက်ဆံမှုများအပေါ် စိုးရိမ်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ထိုင်းကို သတိပေး

Must read

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာ့အရေးတွင် လက်တွေ့ကျ ခိုင်မာသော တိုးတက်ပြောင်းလဲမှုများ မြင်တွေ့လိုပြီး ယင်းသို့ မမြင်ရသေးဘဲ အလျှင်စလို ထိတွေ့ဆက်ဆံလှုပ်ရှားမှုများအပေါ် စိုးရိမ်မိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး Sihasak Phuangketkeow ကို သတိပေးပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်သော ၂၅ ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီးများအဆင့်အစည်း အဝေးတက်ရောက်စဉ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ကြပြီး ယင်းကဲ့သို့ စင်ကာပူက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအရေးကို အထူးအလေးထား ဆွေး နွေးခဲ့ရာတွင် လက်ရှိအခြေအနေမှာ လက်တွေ့ကျသော တိုးတက်မှုများ မမြင်ရသေးသဖြင့် အလျှင်စလို ထိတွေ့လှုပ်ရှားမှုများ ပြုလုပ်ခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စင်ကာပူအနေဖြင့် မြန်မာနိုင်ငံအတွင်း ပိုမိုတိကျသော အပြောင်းအလဲများ ပေါ်ပေါက်လာရန််မြင်တွေ့လိုပြီး ယခုအချိန်တွင် လျင်မြန်စွာ ထိတွေ့ဆက်ဆံလှုပ်ရှားမှုများ ပြုလုပ်ခြင်းသည် အချိန်ကာလအရ သင့်တော်မှု မရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကလည်း ယင်းအမြင်ကို သဘောတူညီသော်လည်း မြန်မာနိုင်ငံအတွင်း ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ မြန်မာ့အရေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အဖွဲ့အစည်းအမျိုးမျိုးအကြား ဆွေးနွေးညှိနှိုင်းမှုများ အရေးကြီးကြောင်း ပြောကြားသည်။

သို့သော် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတစ်လျှောက် ထိတွေ့နေသောကြောင့် လက်ရှိအခြေအနေကို မပါဝင်ဘဲ ကြည့်မနေနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာဘက်နှင့် ထိတွေ့ဆက်ဆံကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရန် လှုံ့ဆော်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံကို ဆက်လက်ဖယ်ထားမည်လား သို့မဟုတ် ဆက်ဆံရေး ပြန်လည်ထိတွေ့ဆက်ဆံမည်လားဆိုသည့် အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ပူးပေါင်းဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၊မြန်မာနိုင်ငံကို ဆက်လက် သီးခြားထားရှိနေပါက ဒေသတွင်း အာဏာရေးယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ အာဆီယံက ဆက်ဆံရေး ပြန်လည်ဖွင့်လှစ်နိုင်ပါက ဒေသတွင်း တည်ငြိမ်မှုနှင့် အာဆီယံ၏ ညီညွတ်မှုကို အကျိုးရှိစေနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ဆုံခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article