ရန်ကုန်၊ မေ ၁
အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ဒေါ်နယ်ထရမ့်၏ လူယုံ ရော်ဂျာစတုန်းကို မြန်မာစစ်တပ်က လော်ဘီအဖြစ် ငှားရမ်းလိုက်ကြောင်း Bloomberg က သတင်းဖော်ပြသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ် ဆို့မှုများကြောင့် ကြုံတွေ့နေရသည့် နိုင်ငံတကာငွေပေးချေမှု အခက်အခဲများနှင့် လက်နက်ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကို ဖြေရှင်းနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။
ယခုအခါ အမေရိကန်နိုင်ငံရေးလောကတွင် လှည့်ကွက်အမျိုးမျိုး သုံးတတ်သူအဖြစ် လူသိများသည့် ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ငှားရမ်းခြင်းမှာ စစ်တပ်၏ နောက်ဆုံးခြေလှမ်း ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်တွင် ကနေဒါနိုင်ငံသား Ari Ben-Menashe ၏ Dickens & Madson အဖွဲ့ကို အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းခဲ့သည်။ နောက်ပိုင်းတွင် ဝါရှင်တန်ဒီစီအခြေစိုက် DCI Group ကို တစ်နှစ်လျှင် ဒေါ်လာ ၃ သန်းပေး၍ ထပ်မံငှားရမ်းခဲ့ပါသည်။ ယခင်အဖွဲ့များကို ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံခဲ့သော်လည်း စစ်အုပ်စု မျှော်လင့်ထားသည့် ရလဒ်များ မရရှိခဲ့ပေ။
ရော်ဂျာစတုန်းသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် နှစ်ပေါင်းများစွာ ရင်းနှီးသူဖြစ်ပြီး ၂၀၁၆ ခုနှစ် ရွေး ကောက် ပွဲတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်။ သူသည် ၂၀၁၉ ခုနှစ်တွင် လွှတ်တော်အား လိမ်လည်ထွက်ဆိုမှု အပါအဝင် စွဲချက်များစွာဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရသော်လည်း၊ ၂၀၂၀ ခုနှစ်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ထောင်ထွက်နိုင်ငံရေးပွဲစားတစ်ဦး ဖြစ်သည်။
ယခုစာချုပ်ကို စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း ငှား ရမ်းခ ပမာဏကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ မြန်မာစစ်တပ်က ၎င်းတို့ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို နိုင်ငံတကာက မေ့လျော့သွားစေရန် ရော်ဂျာစတုန်းကဲ့သို့ သြဇာရှိသူတစ်ဦးကို အသုံးချ၍ လှည့်ဖျားရန် ကြံစည်နေခြင်း ဖြစ်သည်။
သို့သော်လည်း အမေရိကန်အစိုးရက ချမှတ်ထားသည့် ခိုင်မာသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန်မှာ စစ်တပ် မျှော်လင့်ထားသကဲ့သို့ လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သတင်းက သုံးသပ်ဖော်ပြထားသည်။




