ရန်ကုန်၊ မေ ၁
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို ကန့်ကွက်ဆန္ဒပြပြီး စစ်တပ်၏ CI စနစ်နှင့်အခွန် ကောက်ခံမှုများကို ဖျက်သိမ်းရေး ယနေ့ ဆန္ဒပြကြကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။
ယနေ့ မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (Bright Future အဖွဲ့)က ဘန်ကောက်မြို့ရှိ အနုပညာနှင့် ယဉ်ကျေးမှုဗဟိုဌာန (BACC) ရှေ့တွင် စုဝေးကာ အလုပ်သမားအခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ တောင်းဆိုချက်များကို ထုတ်ဖော်ဆန္ဒပြကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြကြပြီး မြန်မာစစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဝိုင်းဝန်းသပိတ်မှောက်ရန်နှင့် ပြစ်တင်ရှုတ်ချရန် တောင်းဆိုကြသည်။
ထို့ပြင် မင်းအောင်လှိုင်သည် မြန်မာပြည်သူများ၏ ခေါင်းဆောင်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကို မည်သည့်အခါမျှ ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
ထို့နောက် CI စာအုပ်များ ဖျက်သိမ်းရေးကို ဆန္ဒပြကြပြီး ကမ္ဘာတစ်ဝန်းရှိ မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုနှင့် ခေါင်းပုံဖြတ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနေသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုကြသည်။
ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရက ထုတ်ပေးထားသည့် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် မှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ကိုသာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံရန်နှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိက အထောက်အထားအဖြစ် အသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။






