ဧပြီ ၃၀၊ လန်ဒန်
ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကင်မ်အဲရစ် က မိခင်၏ လက်ရှိအခြေအနေအပေါ် ပြင်းထန်စွာစိုးရိမ်နေကြောင်းနှင့် အသက်ရှင်မှု ရှိ မရှိ အတည်ပြုနိုင်သော “Proof of Life” ကို ပြသရန် တောင်းဆိုလိုက်သည်။
စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဒဏ်လျှော့ချပြီး “သတ်မှတ်ထားသော အိမ်တစ်လုံးသို့” ရွှေ့ပြောင်းထားကြောင်း ကြေညာခဲ့ပြီးနောက် Kim Aris သည် ထိုအချက်အလက်များကို ယုံကြည်လက်ခံရန် မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။
သူက “ထောင်မှ အခြားနေရာသို့ ရွှေ့ပြောင်းခြင်းသည် လွတ်မြောက်ခြင်း မဟုတ်ပါ။ မိခင်သည် ယခုတိုင် ထိန်းသိမ်းခံထားရသော အခြေအနေတွင်ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပလောကနှင့် ပြတ်တောက်ထားသည်” ဟု ကင်မ်က ပြောသည်။
ထို့အပြင် ထောင်ဒဏ်လျှော့ချခြင်းသည် နှစ်ပေါင်းများစွာ မတရားအကျဉ်းချခံထားရမှုကို မပြောင်းလဲနိုင်ကြောင်း၊ မကြာသေးမီက ထွက်ပေါ်လာသော အချက်အလက်များသည် နိုင်ငံတကာဖိအားကို လျော့နည်းစေရန် ရည်ရွယ်သော လှုပ်ရှားမှုများသာ ဖြစ်နိုင်ကြောင်းလည်း ကင်မ်က ဆိုသည်။
Kim Aris က မိခင်၏ တည်နေရာ၊ ကျန်းမာရေးအခြေအနေတို့အပေါ် တရားဝင်အတည်ပြုချက် မရရှိသေးကြောင်း၊ “မိခင် အသက်ရှင်မှုရှိ မရှိပင် မသေချာသေးပါ” ဟု စိုးရိမ်ကြောင်း ကင်မ်ပ ပြောကြားသည်။
ထို့ကြောင့် ကင်မ်က “မိခင် အသက်ရှင်ရှိပါက သက်သေပြရန် လိုအပ်သည်” ဟု တောင်းဆိုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား ယခုကဲ့သို့သော ကြေညာချက်များကို ပြုပြင်ပြောင်းလဲမှုအဖြစ် မမှတ်ယူရန် တိုက်တွန်းခဲ့သည်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရန်၊ သတင်းအချက်အလက်များတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် မိခင်နှင့် ဆက်သွယ်နိုင်ခွင့် ရရှိရန် မျှော်လင့်ကြောင်း ကင်မ်က ပြောကြားသည်။





