ရန်ကုန်၊ ဇူလိုင် ၂၂
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJတွင် ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု နှင့်ပတ်သက်ပြီး တရားစွဲထားမှုတွင် ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်မရှိဟု အကြမ်းဖက်စစ်ကောင်စီက ကန့် ကွက်ထားမှုအပေါ် ICJ တရားရုံးက ယနေ့ ပယ်ချလိုက်သည်။
ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နယ်သာလန်နိုင်ငံတွင် မြန်မာ၏ ကန့်ကွက်ချက်များနှင့်ပတ်သက်ပြီး ICJ တရားရုံးက ကန့်ကွက်ချက်အားလုံးကို ပယ်ချလိုက်ခြင်းဖြစ်သည်။
“ဂမ်ဘီယာအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသဖြင့် မြန်မာနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှု ရှိ၊ မရှိ ကျူးလွန်မှု ရှိ၊ မရှိ နှင့်ပတ်သက်ပြီး တရားစွဲဆိုခွင့်ရှိကြောင်း” ICJ တရားရုံး၏ ဆုံးဖြတ်ချက်တစ်ခုတွင်ဖော်ပြထားပြီး မြန်မာ၏ ကန့်ကွက်ချက်များကို ပယ်ချလိုက်ခြင်းဖြစ်သည်။
ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တရားရင်ဆိုင် ဖြေရှင်းခဲ့ပြီး အကြမ်း ဖက် မင်းအောင်လှိုင် လက်ထက်တွင်မူ မင်းအောင်လှိုင် ခန့်အပ်ထားသော ကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်း သိရှိရသည်။