ရန်ကုန်၊ မေ ၃
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က အဖိုးအို ၁ ဦးနှင့် အဖွားအို ၂ ဦးကို ပစ်သတ်ပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ် အရှေ့ခြမ်းရှိ ဆီဆုံကုန်းကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာသော အင်အား ၄၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးပစ်ကူများ၊ စက်တပ်လေထီးများ၊ အသေခံဒရုန်းများဖြင့် အသုံးပြု၍ ဆီဆုံကုန်းကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ကွင်းစမ်းကျေးရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကြောင်းသည် အဖိုးအို ၁ ဦးနှင့် အဖွားအို ၂ ဦးကိုလည်း ပစ်သတ်ခဲ့ပြီး ဆီဆုံကုန်းရွာမှ နေအိမ် ၁၄ လုံး၊ ရွာသာယာရွာမှ နေအိမ် ၃ လုံးနှင့် ကွင်းစမ်းရွာမှ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၄၅ လုံးလည်း ကျည်ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဆီဆုံကုန်းကျေးရွာအတွင်းကို ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ၃ ရက်တိတိ စစ်ခွေးတွေက စစ်ကြောင်းထိုးခဲ့တယ်။ နေပြည်တော် ရဲကွန်မန်ဒို စစ်ကြောင်းနဲ့ သာယာဝတီခရိုင် ၊ ပြည်ခရိုင်က စစ်ခွေး၊ ရဲခွေးနဲ့ ပျူစောထီးတွေလည်း ပါတယ်။ စုစုပေါင်းအင်အားက ၄၀၀ လောက်ရှိတယ်။ နောက်ပြီး လက်နက်ကြီး ပစ်ကူတွေ စက်တပ်လေထီးနဲ့ နည်းပညာမြင့်ဒရုန်းတွေလည်း အသုံးပြုပြီးခဲ့တယ်။ စစ်ခွေးတွေက အဖိုးအို ၁ ဦးနဲ့ အဖွားအို ၂ ဦးကိုလည်း ရက်စက်စွာ ပစ်သတ်ခဲ့တယ်။ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသလို ဗုံးထိပြီးပျက်စီးတဲ့ နေအိမ်တွေလည်းရှိတယ်။ စုစုပေါင်း နေအိမ် ၈၀ ကျော် ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧပြီလ ၈ ရက်နေ့တွင် ကျွန်းလေးပင်ရွာမှ နေအိမ် ၂၅ လုံး၊ ဧပြီလ ၉ ရက်နေ့တွင် ကျောက်ခွက်ရွာမှ နေအိမ် ၃၀ ကျော်၊ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ် ၂၀၀ ကျော်တို့ မီးလောင်ပြာကျခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့တွင်လည်း မကျီးပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း နေ့စဉ် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။






