ရန်ကုန်၊ မေ ၈
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်တပ်က ညသန်းခေါင်းအချိန် လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးများ အဆက်မပြတ်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယမန်နေ့ မေလ ၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှစတင်၍ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် တောင်တန်းဒေသများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် အပြင်း အထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ လေယာဉ်များက အုပ်စုလိုက်ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများတွင် နေပြည်တော်နှင့် မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းများမှ တက်လာသည့် တိုက် လေယာဉ်များနှင့် Y-12 လေယာဉ်များကို အသုံးပြုခဲ့ကြောင်း၊ ကျောက်တော်မြို့ပြင်ရှိ တောင်တန်းအနီးတစ်ဝိုက်နှင့် တောင်ခြေဒေသများကို ပစ်မှတ်ထား၍ ၁၅ မိနစ်အတွင်း အနည်းဆုံး ပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ ၁၉ မိနစ်ဝန်းကျင်တွင် Y-12 လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။
“လေယာဉ်တွေက အုပ်စုလိုက် တစ်ကျော့ပြီးတစ်ကျော့ ဗုံးလာကျဲတာ။ ပေါက်ကွဲမှုတွေ တော်တော်ပြင်းထန်ပါတယ်” ဟု ရခိုင်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများကို မသိရှိရသေးပေ။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသော နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ လတ်တ လောလပိုင်းအတွင်း သိသိသာသာ တိုးမြင့်လာခဲ့ပြီး မေလ ၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအနီးရှိ တောင်တန်းဒေသများကို တိုက်လေယာဉ် ၅ စင်းနှင့် Y-12 လေယာဉ် ၂ စင်းတို့ဖြင့် တစ်နာရီကျော်ကြာ ဗုံးကြဲခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် မေလ ၅ ရက်နေ့ကလည်း ဂွမြို့နယ်ရှိ ခမရ ၅၆၃ တပ်ရင်းဟောင်းအနီးတွင် Y-12 လေယာဉ်ဖြင့် ကင်းထောက်ပြီးနောက် တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဧပြီလ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဧပြီလ ၁ ရက်နေ့က သံတွဲမြို့အနီး ဗုံးကြဲမှုတွင်လည်း ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။




