ရန်ကုန်၊ မေ ၈
ကမ္ဘာ့နိုင်ငံအများအပြားတွင် ကာကွယ်တားဆီးရေး အရေးပေါ် လုပ်ဆောင်လာနေရသည့် လူအချင်းချင်း ကူးစက်သော ဟန်တာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့- WHO က သတိပေးချက်များ ထုတ်ပြန်ထားသည်။
အဆိုပါ ဟန်တာဗိုင်းရပ်စ်မှာ လတ်တလောတွင် ကိုဗစ်ကပ်ရောဂါကဲ့သို့ ကပ်ရောဂါအသွင် ဖြစ်မလာနိုင်သေးသော်လည်း ကူးစက်မှုများ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားသည်။
ဧပြီလ ၁ ရက်နေ့ အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာလာသော အပျော်စီးသင်္ဘောပေါ်မှ စတင်ကူးစက်ဖြစ်ပွားလာသော ဟန်တာဗိုင်းရပ်စ်ကြောင့် လတ်တလော လူ ၃ ဦး သေဆုံးခဲ့ပြီး ယင်းသင်္ဘောပေါ်မှ ခရီးသည်များမှာလည်း နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ အသီးသီးပြန်လည် ထွက်ခွာသွားကြရာ ယင်းဗိုင်းရပ်စ်နှင့်ပတ် သက်၍ ကမ္ဘာ့နိုင်ငံများအားလုံးတွင် အရေးပေါ် ကာကွယ်တားဆီးရေးများ လုပ်ဆောင်နေရသည်။
ဧပြီလ ၂၄ ရက်နေ့ ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသော သင်္ဘောပေါ်မှ ခရီးသည် ၃၀ ခန့် သင်္ဘောပေါ်မှ ဆင်းသက်ခဲ့သည်။ အဆိုပါ ခရီးသည်များ သည် မြောက်အမေရိက၊ ဥရောပနှင့် နယူးဇီလန်နိုင်ငံတို့မှ ဖြစ်ကြသော် လည်း စိန့်ဟယ်လီနာ (St. Helena) ကျွန်းရှိ သင်္ဘောပေါ်မှ ဆင်းသက်ပြီးနောက် ၎င်းတို့အားလုံး မည်သည့်နေရာများသို့ ဆက်လက်ထွက်ခွာသွားသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသော သင်္ဘောပေါ်မှ ဆင်းသွားကြသော ခရီးသည် ၃၀ ခန့်တွင် ဗြိတိန်မှ ၇ ဦး ၊ အမေရိကန်ပြည်ထောင်စုမှ ၆ ဦး၊ နယ်သာလန် ၃ ဦး၊ ကနေဒါ ၂ ဦး၊ ဆွစ်ဇာလန် ၂ ဦး၊ တူရကီ၂ ဦး၊ အခြားနိုင်ငံမသိရသေးသူ ၂ ဦး၊ ဂျာမနီ ၁ ဦး၊ ဒိန်းမတ်၁ ဦး၊ စိန့်ကစ်နှင့် နီးဗစ်၁ ဦး၊ နယူးဇီလန် ၁ ဦး၊ စင်ကာပူ ၁ ဦး၊ ဆွီဒင်၁ ဦး တို့ဖြစ်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး-WHOကလည်း ဟန်တာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ထားပြီး ဟန်တာဗိုင်းရပ်စ်အကြောင်းကို မေလ ၆ ရက်နေ့ တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဟန်တာဗိုင်းရပ်စ်ဆိုသည်မှာ ကိုက်ဖြတ်သတ္တဝါများ (ကြွက်၊ ရှူးပျံ စသည်) မှတစ်ဆင့် ကူးစက်တတ်ပြီး လူသားများတွင် ပြင်းထန်သောရောဂါကို ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်အုပ်စုတစ်ခုဖြစ်သည်။ လူသားများသည် ရောဂါပိုးရှိသော ကြွက်များနှင့် ထိတွေ့ခြင်း သို့မဟုတ် ၎င်းတို့၏ ဆီး၊ မစင်၊ တံထွေးတို့နှင့် ထိတွေ့ခြင်းမှတစ်ဆင့် များ သောအားဖြင့် ကူးစက်ခံရတတ်သည်။
ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ပြင်းထန်သောရောဂါဝေဒနာများနှင့် အသက်သေဆုံးသည်အထိ အမျိုးမျိုးသော ဖျားနာမှုများကို ဖြစ်စေနိုင်သည်။
အမေရိကတိုက်များတွင် ဟန်တာဗိုင်းရပ်စ်သည် “ဟန်တာဗိုင်းရပ်စ် နှလုံးနှင့် အဆုတ်ဆိုင်ရာ ရောဂါစု” (HCPS) ကို ဖြစ်စေပြီး ၎င်းသည် ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ကာ သေဆုံးမှုနှုန်း ၅၀ ရာခိုင်နှုန်း အထိ ရှိနိုင်သည်။
တောင်အမေရိကတွင် တွေ့ရသည့် အန်ဒီးစ်ဗိုင်းရပ်စ် (Andes virus) သည် လူအချင်းချင်း အကန့်အသတ်ဖြင့် ကူးစက်နိုင်ကြောင်း လက်ရှိတွင် မှတ်တမ်းတင်ထားသည့် တစ်ခုတည်းသော ဟန်တာဗိုင်းရပ်စ်ဖြစ်သည်။
ဥရောပနှင့် အာရှတိုက်များတွင်မူ ဟန်တာဗိုင်းရပ်စ်သည် “ကျောက်ကပ်ဆိုင်ရာရောဂါလက္ခဏာစုနှင့်အတူ သွေးလွန်တုပ်ကွေးဖျားခြင်း” (HFRS) ကို ဖြစ်စေသည်။
ဟန်တာဗိုင်းရပ်စ်များသည် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော (Zoonotic) ဗိုင်းရပ်စ်များဖြစ်ပြီး ပုံမှန်အားဖြင့် ကိုက်ဖြတ်သတ္တဝါများတွင် ကူးစက်နေတတ်ကာ လူသားများထံသို့ တစ်ခါတစ်ရံ ကူးစက်တတ်သည်။ ဗိုင်းရပ်စ်အမျိုးအစားနှင့် ဒေသပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သော်လည်း လူသားများတွင် ပြင်းထန်စွာဖျားနာခြင်းနှင့် အသက်သေဆုံးခြင်းများ ဖြစ်ပေါ်စေတတ်သည်။
အမေရိကတိုက်များတွင် အဆုတ်နှင့် နှလုံးကို လျင်မြန်စွာ ထိခိုက်စေသည့် HCPS ရောဂါစုကို ဖြစ်စေပြီး၊ ဥရောပနှင့် အာရှတွင်မူ ကျောက်ကပ်နှင့် သွေးကြောများကို အဓိကထိခိုက်စေသည့် HFRS ရောဂါစုကို ဖြစ်စေသည်။
ဟန်တာဗိုင်းရပ်စ်ကို အမြစ်ပြတ်ပျောက်ကင်းစေမည့် သီးသန့်ကုသမှု မရှိသော်လည်း၊ စောစီးစွာ ဆေးကုသမှုခံယူခြင်းသည် အသက်ရှင်နိုင်ခြေကို မြှင့်တင်ရန် သော့ချက်ဖြစ်သည်။
အဓိကအားဖြင့် အသက်ရှူလမ်းကြောင်း၊ နှလုံးနှင့် ကျောက်ကပ်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို အနီးကပ်စောင့်ကြည့် ကုသရမည်ဖြစ်သည်။ ကာကွယ်ရေးအတွက်မှာမူ လူသားများနှင့် ရောဂါပိုးရှိသော ကြွက်များအကြား ထိတွေ့မှုကို လျှော့ချရန်မှာ အလွန်အရေးကြီးသည်။
ဟန်တာဗိုင်းရပ်စ်များသည် Bunyavirales မျိုးစဉ်ဝင် Hantaviridae မျိုးရင်းတွင် ပါဝင်သည်။ ဟန်တာဗိုင်းရပ်စ် အမျိုးအစားတစ်ခုစီသည် ၎င်းနှင့်သက်ဆိုင်ရာ ကြွက်အမျိုးအစား (Rodent reservoir species) တွင် ခိုအောင်းနေတတ်ပြီး ထိုကြွက်များတွင်မူ မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲ ရေရှည်ကူးစက်နေတတ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဟန်တာဗိုင်းရပ်စ် မျိုးစိတ်များစွာကို တွေ့ရှိထားသော်လည်း လူသားများတွင် ရောဂါဖြစ်စေနိုင်သည်မှာ အရေအတွက် အနည်းငယ်သာ ရှိသည်။ မြောက်အမေရိက၊ ဗဟိုအမေရိကနှင့် တောင်အမေရိကတို့တွင် တွေ့ရသော ဗိုင်းရပ်စ်များသည် HCPS ကို ဖြစ်စေသည်။
န်ဒီးစ်ဗိုင်းရပ်စ် (Andes virus) သည်လည်း အဆိုပါ မျိုးနွယ်စုဝင်ဖြစ်ပြီး အာဂျင်တီးနားနှင့် ချီလီနိုင်ငံတို့တွင် အနီးကပ်ထိတွေ့သူများအကြား လူအချင်းချင်း ကူးစက်မှုရှိကြောင်း တွေ့ရှိရသည်။ ဥရောပနှင့် အာရှတွင် တွေ့ရသော ဟန်တာဗိုင်းရပ်စ်များမှာမူ HFRS ကို ဖြစ်စေပြီး လူအချင်းချင်း ကူးစက်မှုမှတ်တမ်း မရှိသေးပါ။
ဟန်တာဗိုင်းရပ်စ် ကူးစက်မှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရှားပါးသော်လည်း သေဆုံးမှုနှုန်းမှာ အာရှနှင့် ဥရောပတွင် ၁ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း အောက်ရှိပြီး၊ အမေရိကတိုက်များတွင်မူ ၅၀ ရာခိုင်နှုန်း အထိ မြင့်မားနိုင်သည်။ တစ်နှစ်လျှင် တစ်ကမ္ဘာလုံး၌ ကူးစက်မှုပေါင်း ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အကြား ရှိနိုင်သည်ဟု ခန့်မှန်းရပြီး အာရှနှင့် ဥရောပတွင် အဖြစ်အများဆုံးဖြစ်သည်။
အရှေ့အာရှ၊ အထူးသဖြင့် တရုတ်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် နှစ်စဉ် ထောင်နှင့်ချီသော HFRS လူနာများ ရှိနေသေးသော်လည်း မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဖြစ်ပွားမှုနှုန်း လျော့ကျလာသည်။ ဥရောပတွင်လည်း နှစ်စဉ် ထောင်နှင့်ချီသော ကူးစက်မှုများ ရှိနေပြီး အထူးသဖြင့် Puumala ဗိုင်းရပ်စ် ပျံ့နှံ့ရာ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဖြစ်သည်။
အမေရိကတိုက်များတွင် HCPS သည် ပိုမိုရှားပါးပြီး နှစ်စဉ် ရာဂဏန်းခန့်သာ ရှိသော်လည်း သေဆုံးမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း အထိ ရှိနေသဖြင့် ပြည်သူ့ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ ဖြစ်နေဆဲဖြစ်သည်။
လူသားများထံသို့ ကူးစက်ပုံမှာ ရောဂါပိုးရှိသော ကြွက်များ၏ ဆီး၊ မစင် သို့မဟုတ် တံထွေးတို့နှင့် ထိတွေ့မိခြင်း၊
ကြွက်ကိုက်ခံရခြင်း (ဖြစ်ခဲသော်လည်း ကူးစက်နိုင်သည်)၊ လေဝင်လေထွက်မကောင်းသော အခန်းများကို သန့်ရှင်းရေးလုပ်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်း၊ သစ်တောလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ကြွက်ပေါသောနေရာများတွင် အိပ်စက်ခြင်းတို့သည် ကူးစက်နိုင်ခြေကို မြင့်မားစေသည်။
လူအချင်းချင်း ကူးစက်မှုမှာ အမေရိကရှိ Andes ဗိုင်းရပ်စ်တစ်ခုတည်းတွင်သာ တွေ့ရပြီး ၎င်းသည်လည်း ဖြစ်ခဲပါသည်။ အိမ်ထောင်ဖက် သို့မဟုတ် အတူနေမိသားစုဝင်များကဲ့သို့ အလွန်နီးကပ်စွာ ကြာရှည်ထိတွေ့သူများတွင်သာ ဖြစ်ပွားတတ်ပြီး ရောဂါစတင်ဖြစ်ပွားချိန် (ဗိုင်းရပ်စ်ပမာဏ အများဆုံးအချိန်) တွင် ကူးစက်နိုင်ခြေ အရှိဆုံးဖြစ်သည်။
ရောဂါလက္ခဏာများမှာ ဟန်တာဗိုင်းရပ်စ် ရောဂါပိုးနှင့် ထိတွေ့ပြီး ၁ ပတ်မှ ၈ ပတ်အကြာတွင် လက္ခဏာများ စတင်ပြလေ့ရှိပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပြသသည်။
HCPS (အဆုတ်နှင့်နှလုံးဆိုင်ရာ)ရောဂါများဖြစ်သော ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အဆုတ်ထဲတွင် ရေဝင်ခြင်းနှင့် ရှော့ခ်ရခြင်းများသို့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည်။
HFRS (ကျောက်ကပ်ဆိုင်ရာ) ရောဂါလက္ခဏာများဖြစ်သော သွေးပေါင်ချိန်ကျခြင်း၊ သွေးထွက်လွယ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်နိုင်ပါသည်။
အစောပိုင်းလက္ခဏာများသည် တုပ်ကွေး (Flu)၊ ကိုဗစ် (COVID-19)၊ သွေးလွန်တုပ်ကွေး (Dengue) နှင့် အဆုတ် ရောင်ရောဂါတို့နှင့် ဆင်တူသဖြင့် ရှာဖွေရခက်ခဲတတ်သည်။ ထို့ကြောင့် လူနာ၏ ရာဇဝင် ကြွက်နှင့် ထိတွေ့မှုရှိမရှိ၊ အလုပ်အကိုင်၊ ခရီးသွားရာဇဝင်များ ကို သေချာစွာ စစ်ဆေးရပါမည်။ ဓာတ်ခွဲခန်းတွင် IgM/IgG ပဋိပစ္စည်း (Antibodies) စစ်ဆေးခြင်း သို့မဟုတ် RT-PCR စစ်ဆေးခြင်းဖြင့် အတည်ပြုနိုင်သည်။ ဓာတ်ခွဲနမူနာများသည် ဘေးအန္တရာယ်ရှိသဖြင့် အဆင့်မြင့်လုံခြုံစိတ်ချရသော နေရာများတွင်သာ စစ်ဆေးရမည်ဖြစ်သည်။
ယင်းဟန်တာဗိုင်းရပ်စ်ကို ကုသမှုအနေဖြင့် သီးသန့် ဗိုင်းရပ်စ်သတ်ဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးပါ။ အဓိကအားဖြင့် အောက်ဆီဂျင်ပေးခြင်း၊ နှလုံးနှင့် ကျောက်ကပ်ကို ထောက်ပံ့ပေးသော ကုသမှုများကိုသာ ပြုလုပ်ပေးနိုင်သည်။ စောစီးစွာ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူနိုင်ပါက အသက်ရှင်ရန် အခွင့်အလမ်း ပိုများသည်။
ကာကွယ်တားဆီးရေး
===============
ကာကွယ်တားဆီးရေးအနေဖြင့် အဓိကမှာ ကြွက်များနှင့် ထိတွေ့မှုကို လျှော့ချရန်ဖြစ်သည်။နေအိမ်နှင့် လုပ်ငန်းခွင်ကို သန့်ရှင်းစွာ ထားပါ။ ကြွက်များ ဝင်ရောက်နိုင်သော အပေါက်များကို ပိတ်ပါ။ အစားအစာများကို လုံခြုံစွာ သိမ်းဆည်းပါ။
ကြွက်မစင်များရှိသော နေရာများကို သန့်ရှင်းရေးလုပ်လျှင် ဖုန်မထစေရန် ရေ ဖျန်း ပြီးမှ လုပ်ဆောင်ပါ။ (ဖုန်စုပ်စက် သို့မဟုတ် တံမြက်စည်းဖြင့် ခြောက် ကပ်စွာ မလှည်းပါနှင့်)။ လက်ကို စနစ်တကျ ဆေးကြောပါ။
WHO သည် နိုင်ငံအသီးသီးနှင့် ပူးပေါင်း၍ ရောဂါစောင့်ကြည့်ခြင်း၊ ဓာတ်ခွဲခန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ရောဂါရှာဖွေကုသရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းနှင့် ဟန်တာဗိုင်းရပ်စ် ကာကွယ်ရေးကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။




