ရန်ကုန်၊ မေ ၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ရဲစခန်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။
မေလ ၇ ရက်နေ့တွင် လောင်းလုံးမြို့မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ဝေဒီရွာကို စစ်ကြောင်းထိုးနေချိန် တော်လှန်ရေးတပ်ဖွဲ့များက လောင်းလုံးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ ညနေ ၄၅ မိနစ်ခန့်တွင်လည်း ဝေဒီရွာကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ အဲ့စစ်ခွေးစစ်ကြောင်းက တိုက်ခိုက်ခံရပြီး ချက်ခြင်းပဲ ဝေဒီရွာကနေ လောင်းလုံးမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ဝေဒီရွာရှိ ပြည်သူပိုင် ကား ၂ စီးနှင့် တောတဲများလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်တပ်က အချိန်မရွေး စစ်ကြောင်းထိုး လာနိုင်သောကြောင့် ပွဲလမ်းသဘင်များ သွားလာခြင်းကို ပိုမိုသတိထား ရှောင်ကြည်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ မေလ ၈ ရက်နေ့တွင် ရေးမြို့နယ်၊ အောင်သပြေရွာ၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“အောင်သပြေရွာနားမှာ ဒီနေ့ မွန်းလွဲပိုင်းက စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်။ စစ်ခွေးတွေက တိုက်ပွဲမှာ အထိနာလို့ ထင်တယ်။ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေလည်း လုပ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းလျက်ရှိသည်။




