26.1 C
Yangon

ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ခိုးဝင်လာသော တရားမဝင် မြန်မာအလုပ်သမား ၇၇ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး၊ ခိုးဝင်လာသူအများစုမှာ လူငယ်များဖြစ်နေ

Must read

ရန်ကုန်၊ မေ ၁၂

ထိုင်းနိုင်ငံ၊ နေရာအနှံ့အပြားတွင် နည်းလမ်းမျိုးစုံဖြင့် ခိုးဝင်လာသော တရားမဝင် မြန်မာအလုပ်သမား ၇၇ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယမန်နေ့ မေလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်းရှိ နေအိမ် ၁ လုံးတွင် ဘန် ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စောင့် ဆိုင်းနေကြ‌သော တရားမဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၆ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ၊ ချင်းရိုင်ခရိုင်၊ ပါအော့ဒွန်ချိုင်း ကျေးရွာရှိ အိမ်အမှတ်မရှိသော နေအိမ် ၁ လုံးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၃၆ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်ရှိ ခရိုင်များသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကာ မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး ယခုဖမ်းဆီးခံရသည့် နေအိမ်တွင် ခေတ္တတည်းခိုကာ မြို့တွင်းသို့ ဆက်လက်ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဖမ်းဆီးရမိသော မြန်မာအလုပ်သမားများကို ကိုယ်ရေးအချက်အလက်မှတ်တမ်းများ ယူခြင်းနှင့် အမည်ပျက်စာရင်း သွင်းခြင်းများ ပြုလုပ်ခဲ့ပြီး မယ်ဆိုင်မြို့ရှိ အမှတ် ၁ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးမှုသည် ပြီးခဲ့သည့် ရက်ပိုင်းက ဖိစနုလောက့်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၄၉ ဦးကို ဖမ်းဆီးရမိခဲ့ရာမှ ကွင်းဆက် စုံစမ်းမှုများပြုလုပ်၍ ထပ်မံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ထိုင်းအာဏာပိုင်များက အဆိုပါ လူမှောင်ခိုကွန်ရက်တွင် ပါဝင်ပတ်သက်နေသည့် ပွဲစားများနှင့် အပေါင်းအပါများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဆက်လက်စုံစမ်း ဖော်ထုတ်နေကြောင်း သိရှိရသည်။

အလားတူ မေလ ၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ရာ့ချ်ဘူရီခရိုင်၊ ပတ်ထော်မြို့နယ်အတွင်း ရာ့ချ်ဘူရီခရိုင် ရဲတပ်ဖွဲ့သည် သတင်းပေးချက်အရ ဖက်ကစင်လမ်းမကြီးပေါ်တွင် လမ်းပိုင်းစစ်ဆေးရေးများ လုပ်ဆောင်နေစဉ် အဖြူရောင် Toyota ပစ်ကပ်ကားတစ်စီးကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ကာ ထိုကားမှာ အနောက်ခန်းကို အလုံပိတ်ထားပြီး လမ်းနှင့်ထိလုနီးပါး ဖြစ်နေ၍ ရဲတပ်ဖွဲ့က ကြားဖြတ်တားဆီး စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကားအနောက်ခန်းအတွင်းပိုင်းတွင် အထပ် ၂ ထပ်ဖြစ်အောင် ပြုပြင်ထားပြီး အပေါ်ထပ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦးနှင့် အောက်ထပ်တွင် မြန်မာနိုင်ငံသား အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၆ ဦးကို ပြည့်နှက်နေအောင် တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ရ၍ ထိုင်းရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသားများနှင့် ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဟတ်ယိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၅,၈၀၀ ပေးဆောင်ခဲ့ရကြောင်း၊ ယာဉ်မောင်းဖြစ်သူ အသက် ၂၃ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားက မြန်မာအလုပ်သမားများကို ကျွမ်းဘန်းမြို့နယ်မှ ဟတ်ယိုင်သို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ဘတ် ၂,၀၀၀ (စုစုပေါင်း ဘတ် ၅၀,၀၀၀) ရရှိကြောင်းနှင့် ထိုသို့ ပို့ဆောင်ပေးခြင်းကို ၂ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

ထိုသို့ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၆ ဦးနှင့် ကားမောင်းသူကို ပတ်ထော်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တရားခံများနှင့် ပွဲစားများကို ဖုန်းအချက်အလက်များမှတစ်ဆင့် ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ အဝေးပြေးလမ်းမကြီးအမှတ် ၃၂၆၃ ပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် သံသယဖြစ်ဖွယ် ကား ၂ စီးကို တွေ့ရှိခဲ့၍ ထိုကား ၂ စီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာ မှန်အမည်းရောင်များ ကပ်ထားသော ဒုတိယမြောက်ကားအတွင်း၌ နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား တစ်စုံတစ်ရာမရှိသည့် မြန်မာအလုပ်သမား ၁၃ ဦးကို ပြည့်နှက်နေအောင် တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ကာ ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မြန်မာအလုပ်သမား ၁၃ ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မြန်မာအလုပ်သမားများကို နခွန်စဝမ်ခရိုင်မှတစ်ဆင့် ဘန်ကောက်နှင့် ဆင်ခြေဖုံးဒေသများသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း၊ ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား ၂ ဦးမှာ လူမှုကွန်ရက်များမှ ဆက်သွယ်လုပ်ကိုင်နေသူများဖြစ်ပြီး ယခုကဲ့သို့ ပို့ဆောင်ပေးခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုထားသည်။

မြန်မာအလုပ်သမား ၁၃ ဦးသည် မြန်မာနိုင်ငံဘက်မှ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ သဘာဝတောလမ်းကြောင်းများမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း၊ ထိုသို့ ဖမ်းဆီးရမိသူများကို ဘန်ဆောင်းမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများကို ကူညီပေးနေသော အလုပ်သမားအရေး လှုပ်ရှားသူများ၏ အဆိုအရ ယခုလပိုင်းအတွင်း ဖမ်းဆီးခံရသော တရားမဝင် မြန်မာအလုပ်သမားများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ် အမျိုးသား၊ အမျိုးသမီးများအများဆုံးဖြစ်ကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article