ရန်ကုန်၊ မေ ၁၂
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ရာရောက်နေသဖြင့် အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်နှင့် အထောက်အထားများကို ပေးပို့ကြရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယနေ့တွင် ထပ်မံတောင်းခံလိုက်သည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်း လေကြောင်းမှ တိုက်ခိုက်ခံရပြီး ကျောင်းသားကျောင်းသူ ၂၀ ကျော် သေဆုံးခဲ့ရသည့် ဝမ်းနည်းဖွယ်ဖြစ်စဉ်မှာ ယနေ့ မေလ ၁၂ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ ကလေးငယ်များသည် ယနေ့တိုင် စစ်တပ်၏ လေကြောင်းဗုံးကြဲမှု အန္တရာယ်ကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း IIMM က ထောက်ပြထားသည်။
ယခုလအစောပိုင်းတွင်လည်း ချင်းပြည်နယ်ရှိ ကလေးကစားကွင်းတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် အသက် ၅ လမှ ၁၀ နှစ်ကြား ကလေးငယ် ၅ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း မန္တလေး၊ ပဲခူး၊ ရခိုင်၊ တနင်္သာရီနှင့် စစ် ကိုင်းတိုင်းတို့ရှိ စာသင်ကျောင်းများ၊ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများကိုပါ စစ်တပ်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များစွာရှိကြောင်း IIMM က မှတ်တမ်းတင်ထားသည်။
IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က “ကလေးငယ်တွေ ရှိနေနိုင်တဲ့ အရပ်သားပိုင်နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆေးနေပါတယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ်။ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ လေတပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အမိန့်ပေးကွင်းဆက် အထောက်အထားတွေကို စုဆောင်းနေပါတယ်”ဟု ထုတ်ဖော်ပြောဆိုသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၄၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပြီး အမှန်တကယ်တွင် ယခုထက် ပိုမိုများပြားနိုင်သည်။
ထို့ကြောင့် တရားခံများကို တရားစွဲဆိုနိုင်ရေးအတွက် လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ရှိပါက Signal: +41 76 691 12 08 နှင့််Email: [email protected] တို့သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း IIMM က တောင်းခံထားသည်။
IIMM အနေဖြင့် ဆက်သွယ်လာသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက်စွာ ထိန်းသိမ်းထားမည်ဖြစ်ပြီး မိမိတို့အတွက် ဘေးကင်းလုံခြုံမှုရှိမှသာ ဆက်သွယ်ကြရန်လည်း သတိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် မေလအတွင်း ဒီပဲယင်းမြို့နယ်၊ အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ကျောင်းသားကျောင်းသူများ။ (ပုံအဟောင်းများဖြစ်ပါသည်။)
Photo- Getty Image နှင့် CJ ။






