ရန်ကုန်၊ မေ ၁၃
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ်အတွင်း တရားမဝင် မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားဟောင်း တစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယမန်နေ့ မေလ ၁၂ ရက်နေ့က အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ်အတွင်းရှိ ဖဟွန်ယိုးသင် လမ်းမကြီးပေါ်တွင် မှန်အမည်းများ တပ်ဆင်ထားပြီး ကားကိုယ်ထည် နိမ့်ဆင်းနေသည့် သံသယဖြစ်ဖွယ် Mitsubishi အနက်ရောင်ကားတစ်စီးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ယာဉ်မောင်း ကိုဖြိုးမင်းဇော်နှင့် အရှေ့ခန်းတွင် လိုက်ပါလာသူ ကိုကျော်ဇင်လတ်တို့သည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့် (Work Permit) အထောက်အထား ခိုင်လုံစွာ ရှိသူများဖြစ်သော်လည်း ကားနောက်ခန်းအတွင်း အထောက် အထားမဲ့ မြန်မာအလုပ်သမား ၁၁ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး) ကို တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် ကိုကျော်ဇင်လတ်သည် “မင်းသားကြီး” ဟု လူသိများသော မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားဟောင်း ဖြစ်ပြီး ၎င်းသည် မြန်မာဘက်ရှိ ပွဲစားများနှင့် ချိတ်ဆက်ကာ လမ်းပြပွဲစား ပြုလုပ်ပေးနေကြောင်း ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည်။
ယာဉ်မောင်းဖြစ်သူ ကိုဖြိုးမင်းဇော်ကလည်း စရဘူရီမှ စမုပရာကန်သို့ ပို့ဆောင်ရန် တစ်ခေါက်လျှင် အခကြေးငွေ ဘတ် ၁,၅၀၀ ရရှိကြောင်း ဝန်ခံထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ AAC မှ ကိုရဲမင်းက “သူလည်း ထိုင်းမှာ ပိုက်ကျော်ခြင်းခတ်ရင်းနဲ့ လူသိများတဲ့သူ တစ်ဦးပေါ့။ နောက် လူသယ်ယူပို့ဆောင်တဲ့ ပွဲစားတွေနဲ့ ပေါင်းသင်းရင်း ခရီးသည်ပို့ဆောင်ရင်း ဖမ်းမိသွားတယ်လို့ သိရတယ်။ အဓိကတော့ အကြမ်းဖက် စစ်အာဏာရှင်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလိုပဲ ပြောရမှာပေါ့။ ဒီလိုမျိုး မြန်မာ့လက်ရွေးစင်တွေတောင် တပ် ပျက်ပြီးတော့ ထိုင်းမှာဆိုရင် သူလောက် အဆင့်အတန်းဆို ဆရာကြီးပဲ၊ ချမ်းချမ်းသာသာတောင် နေနိုင်တယ်။ ကြေးစားတောင် လိုက်ခတ်ရင်း ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုတော့ စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆက်တွဲ ပြည်သူတွေ ခံရတဲ့ ဆိုးကျိုးတွေလို့ ပြောရမှာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၁၁ ဦးမှာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ သဘာဝတောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာကြသူများဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွင်းပိုင်းရှိ အလုပ်အကိုင်များ ရရှိရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၁၁ ဦးလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုဖြင့်လည်း ကောင်း၊ ကိုကျော်ဇင်လတ်နှင့် ကိုဖြိုးမင်းဇော်တို့ကို တရားမဝင် ဝင်ရောက်လာသူများကို ကူညီဖုံးကွယ်ပေးမှုဖြင့်လည်းကောင်း အမှုဖွင့်ကာ ဥပဒေအရ အရေးယူနိုင်ရန် ဝမ်နွဲ့မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။






