ရန်ကုန်၊ မေ ၁၃
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့လယ်ရှိ ကျပ် ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် အများပြည်သူပိုင်မြေကို ရှမ်းပြည်နယ်ကြံ့ဖွတ်အစိုးရက အဆင်မြင့်ယာဉ်ရပ်နားစခန်း အဆောက်အအုံ ဆောက်လုပ်ရန်အကြောင်းပြကာ ကြံ့ခိုင်ရေးပါတီ ကျော ထောက်နောက်ခံရှိသည့် သီဟကုမ္ပဏီထံသို့ အနည်းငယ်မျှသော ငွေကြေးဖြင့် လုပ်ပိုင်ခွင့်ချထားပေးရောင်းစားလိုက်ကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ တပင်ရွှေထီးလမ်းပေါ်တွင် အဆင့်မြင့်ယာဉ်ရပ်နားစခန်းစီမံကိန်းကို တည်ဆောက်မည်ဖြစ်ပြီး ယင်းနေရာမှာ တောင်ကြီးမြို့၏ အချက်အချာကျသော နာရီစင်ညဈေး မြေဧရိယာ ၀ ဒသမ ၆၈၈ ဧကကို ဖျက်၍ တည်ဆောက်မည်ဖြစ်သည်။ သမိုင်းဝင် နာရီစင်နှင့် ညဈေးတန်းကိုပါ ဖျက်သိမ်း၍ ပုဂ္ဂလိကပိုင် သီဟကုမ္ပဏီသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်စည်ပင်က မြေငှားရမ်းခအဖြစ် သီဟကုမ္ပဏီထံမှ ၁ နှစ်လျှင် ငွေကျပ် ၁၇၉ သိန်းကျော်နှင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၀ သာ ရရှိမည်ဖြစ်သည်။
အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံ၏ မြေညီထပ် ၂ ထပ်ကို ကုမ္ပဏီက အပိုင်ရရှိမည်ဖြစ်ပြီး၊ ကျန်အပေါ် ၅ ထပ်မှရရှိမည့် ယာဉ်ရပ်နားခ၏ ၉၀ ရာခိုင်နှုန်းကို ကုမ္ပဏီကယူကာ စည်ပင်သို့ ၁၀ ရာခိုင်နှုန်းသာ ခွဲဝေပေးမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံငွေမှာ ကျပ်သန်း ၃၇၀၀၀ ကျော်သာရှိသော်လည်း ဆိုင်ခန်းရောင်းရငွေမှာ ထိုပမာဏထက် များစွာပိုမိုရရှိနိုင်သည်။
အဆိုပါ သီဟကုမ္ပဏီမှာ တောင်ကြီးမြို့နေ ဇော်လင်းအောင် ပိုင်ဆိုင်ပြီး ကြံ့ခိုင်ရေးပါတီ၏ ကျော ထောက်နောက်ခံရှိသူဖြစ်သည်။ ဒေသခံပြည်သူများက ကန့်ကွက်နေသည့်ကြားမှပင် ယခင်အမည်ခံ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အောင်အောင် လက်ထက်တွင် စည်ပင်ဌာနနှင့်ပေါင်း၍ ဈေးသည်များကို အဓမ္မလက်မှတ်ရေးထိုးစေကာ စီမံကိန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စည်ပင်အရာရှိတစ်ဦး “လွှတ်တော်တွေ ပေါ်လာရင် ကန့်ကွက်တာတွေ ဘာတွေ ဖြစ်လာမှာ စိုးလို့ အရေးပေါ် အမြန် လုပ်လိုက်ကြတာ။ ဝန်ကြီးချုပ်ရော စည်ပင်ကိုရော ငွေ ပုံပေးပြီး လက်မှတ်ထိုးလိုက်ကြတာ။ စည်ပင်ပြည်နယ်မှူး စိုင်းထွန်းထွန်းက တပ်ကပဲ။ မြို့နယ်မှူး သိန်းဝင်းကလည်း တပ်ကပဲ။”ဟု ပြောဆိုသည်။
လက်ရှိတွင် အဆောက်အအုံ မဆောက်လုပ်ရသေးသော်လည်း ဆိုင်ခန်းများကို ကျပ်သိန်း ၄၀၀၀ ကျော်မှ ၉၀၀၀ ကျော်အထိ ပေါက်ဈေးဖြင့် လိုက်လံရောင်းချနေသည်။
တောင်ကြီးမြို့မှ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး “ကျွန်မ ဝယ်ဖို့ စုံစမ်းလိုက်တာက သိန်း ၉၀၀၀ ကျော်ထိ ပေါက်ဈေး ရှိတယ်။… စီမံကိန်းက တကယ် ဆောက်မှာလား၊ အဖျက် ခံရမှာလား ဆိုတာ မသေချာတော့ ငွေ အကြေ မချေရဲသေးဘူး။”ဟု ပြောဆိုသည်။
ယခုစီမံကိန်းမှာ ဇော်လင်းအောင် ပိုင်ဆိုင်သည့် မျက်နှာချင်းဆိုင်ရှိ City Square ဈေးအပေါ်ထပ်တွင် ကားပါကင်မရှိသဖြင့် ဖွင့်လှစ်ခွင့်မရသေးသော ဟိုတယ်များအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“City Square အပေါ်ထပ်မှာ နိုဗိုတယ်ဟိုတယ်တွေ ရှိတယ်။ ကားပါကင် မရှိလို့ ဖွင့်ခွင့် မရတာ။ အဲဒါတွေ ဖွင့်ခွင်းရဖို့ အခု စီမံကိန်းကို ထပ်ပြီး လုပ်တာ။ အခုစီမံကိန်းကလည်း အကျိုးအမြတ် အများကြီး ရမှာ ဆိုတော့ သူတို့အတွက် မုတ်ဆိတ် ပျားစွဲသလိုမျိုးပေါ့။” ဟု တောင်ကြီးအခြေစိုက် ဒေသသတင်းရင်းမြစ်က သုံးသပ်ပြောကြားသည်။
ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဘက်တော်သား သီဟကုမ္ပဏီပိုင်ရှင် ဇော်လင်းအောင်။





