ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၉ ဦးကို ရိုက်နှက် ဖမ်းဆီးပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ် ၁၀၀ ကျော်ကို လုယက် ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့မှ စတင်ကာ မေလ ၁၂ နေ့အထိ မြောင်လမ်းခွဲရှိ စစ်တပ် အထိုင်စခန်းမှ စစ်သားများက မုံရွာလမ်းပိုင်း စိုးဖြိုးဆီဆိုင်တွင် နေ့စဉ် သောက်စားမူးရူးပြီး မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအတွင်းရှိ အသက် ၇၀ နှစ်အရွယ် ပြည်သူများအပါအဝင် ၉ ဦးကို ရိုက်နှက် ဖမ်းဆီးကာ ဆိုင်ကယ် ၆ စီး၊ ဖုန်း ၁၅ လုံးနှင့် ငွေကျပ် သိန်း ၁၀၀ ကျော်ကို လုယက်ယူဆောင်သွားခြင်းကြောင်း သိရှိရသည်။
“မြောင်လမ်းခွဲ အထိုင်ကနေလာတဲ့ စစ်ခွေးတွေက စိုးဖြိုးဆီဆိုင်မှာ နေ့တိုင်း သောက်စားပြီး ပြည်သူတွေကို ဖမ်းဆီးတယ်။ ဆိုင်ကယ်၊ ဖုန်း နဲ့ ပိုက်ဆံတွေကိုယူပြီး ပြည်သူတွေကိုလည်း ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဆိုင်ကယ် ၆ စီး၊ ဖုန်း ၁၅ လုံး၊ ပိုက်ဆံ သိန်းရာကျော်ပါသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ ၂၄ လက်နက်စက်ရုံအနီးသို့ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၅၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ လက်နက်စက်ရုံမှ အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲထွက်လာသည့် အကြမ်းဖက် စစ်တပ်သည် မေလ ၆ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ စက်ရုံအတွင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယမန်နေ့ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ထိုစစ်ကြောင်းစည် ကပစ ၂၄ မှ အင်အား ၃၀၀ ခန့်ဖြင့် ထပ်မံထွက်လာပြီး ဇုန်-၁ နယ်မြေအတွင်းသို့ ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာမှုကြောင့် ပလောင်းရွာ၊ ခင်းအေးရွာ၊ မျှားပိုင်းရွာ၊ ကျောက်တံခါးရွာ၊ ကျောက်မဲတောင်ရွာ၊ အုန်းမှင်ရွာ၊ တယ်ပင်ရွာ၊ ယောကုန်းရွာ၊ မကျီးကုန်းရွာ၊ နန်းစဥ်ကုန်းရွာနှင့် ထန်းပင်ချောင်းရွာ စသည့် ကျေးရွာပေါင်း ၁၁ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“”မေ ၁၁ ရက်နေ့ မနက် ၁၀ နာရီလောက်က အကြမ်းဖက်တပ် အင်အား ၃၀၀ လောက်က ကပစ ၂၄ တောင်ဘက် ပလောင်းရွာ ကနေမှတဆင့် ကျောက်မဲတောင်ရွာနဲ့ ကျောက်တံခါးရွာကို တပ်ဖြန့်ထားတယ်။ မျှားပိုင်းရွာနဲ့ ခင်အေးရွာက ၃ နှစ်ကျော်ပြီ ကျန်တဲ့ ၉ ရွာက ၉ လနီးပါးရှိပြီ ထပ်ဆင့် တနေရာပြီး တနေရာပြောင်းရွေ့ တိမ်းရှောက်ရတာပါ။ စားနပ်ရိက္ခာရော အမိုးအကာရော အကုန်လုံး အခက်အခဲရှိပါတယ်” ဟု ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် မျှားပိုင်းရွာနှင့် ခင်အေးရွာက ပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ပြီး ကျန်ကျေးရွာပေါင်း ၉ ခုမှ ပြည်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၉ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မိုးရွာသွန်းမှုများကြောင့် ပိုးမွှာများအန္တရာယ်များအပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးရန်များကြောင့် စစ်ဘေးရှောင်ပြည်သူများ အခက်ခဲမျိုးစုံကြုံတွေရကြောင်းသိရှိရသည်။






