ရန်ကုန်၊ မေ ၁၄
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းတစ်ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CDF-Hakha တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၁၃ ရက်နေ့က ဟားခါးမြို့အတွင်း ပြည်သူများအား ငွေညစ်တောင်းခံခြင်းနှင့် နေအိမ်များအား ဖောက်ထွင်းဓားပြတိုက်ခြင်း စသည့် ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေသော လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းအဖွဲ့ဝင်တစ်ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဟားခါးမြို့အတွင်းမှာပင် CDF-Hakha တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှု ဖြစ်ပွားနိုင်သည့် နေရာများနှင့် လူသူသွားလာမှုနည်းပါးသော ဒေသများသို့ မိဘပြည်သူများအနေဖြင့် လုံခြုံရေးအရ မလိုအပ်ဘဲ သွားလာခြင်းမပြုကြရန် အထူးမေတ္တာရပ်ခံထားသည်။ CDF-Hakha အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအပေါ် အန္တရာယ်ပြုသည့် လုပ်ရပ်များကို ထိရောက်စွာ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မိဘပြည်သူများအနေဖြင့်လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ တွေ့ရှိပါက နီးစပ်ရာ Chinland Defense Force-Hakha တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ကာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းတပ်သား ၂ ဦးသည် လက်နက်မဲ့ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ထုတ်ပြန်သည်။
မေလ ၁၁ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ၂ ဦးသည် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ – ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်မှုထမ်း ၂ ဦးသည် စစ်မှုထမ်းအပတ်စဉ် ၂ မှ တပ်သားများဖြစ်ပြီး စစ်ကောင်စီ၏ မတရားခိုင်းစေမှုများကို မလိုက်နာလိုသဖြင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံထားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ရှိ စစ်သား၊ ရဲ၊ စစ်မှုထမ်း၊ ပျူစောထီးများအနေဖြင့် ဗျူဟာ ၂၂ နှင့် လက်အောက်ခံတပ်ရင်းများထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ကြရန်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပါက ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်ကြောင်း ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က အသိပေးထားသည်။





