28 C
Yangon

ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁ ဦးကိုဖမ်းဆီးထား၊ စစ်ကြောင်းက နေ့အချိန်နှင့် ညအချိန်ပါ ကျေးရွာများကို စီးနင်းနေ၍ ရွာပေါင်း ၁၅ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အင်အား ၄၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးကို သတ်ဖြတ် မြေမြုပ်ကာ ၁ ဦးကို ဖမ်းဆီးထားပြီး နေ့အချိန်နှင့် ညအချိန်ပါ ကျေးရွာများကို စီးနင်းနေ၍ ရွာပေါင်း ၁၅ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ အစောပိုင်းမှ စတင်ပြီး ယင်းမာပင်မြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရင်ပေါင်တိုင်ကျေးရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရင်ပေါင်တိုင်ကျေးရွာမှ ဆင်စွယ်ရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးကာ ကျေးရွာအတွင်း အထိုင်ချပြီး အင်အား ၄၀၀ ခန့်ဖြင့် ကား၊ ဆိုင်ကယ်အသုံးပြုပြီး နေ့အချိန်နှင့် ညအချိန်များပါ ရွာစဉ်လှည့်၍ မွှေနှောက်ကာ စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

ထိုစစ်ကြောင်းသည် မင်းမကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားစဉ် ဆင်စွယ်ရွာသား ၁ ဦးနှင့် မင်းမကုန်းရွာသား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မင်းမကုန်းရွာ အနောက်ဘက်တောထဲ၌ မြေမြုပ်ထားခဲ့ကြောင်း၊ ထို့ပြင် မင်းမကုန်းရွာထဲတွင် စစ်သားများ ရောက်ရှိနေသည့်အကြောင်း ဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသည်ကို တွေ့ရှိသည်ဟု စွပ်စွဲပြီး မင်းမကုန်းရွာသား ၁ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိအချိန်ထိ အသက်ရှင်မရှင်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မင်းမကုန်းရွာမှာ စစ်ခွေးတွေရှိနေတုန်းက ဆင်စွယ်ရွာသား ၁ ဦးနဲ့ မင်းမကုန်းရွာသား ၂ ဦးရဲ့ အလောင်းတွေကို မင်းမကုန်းရွာ၏အနောက်ဘက်တောထဲမှာ မြှုပ်နှံထားခဲ့တယ်။ မင်းမကုန်းရွာသား ၁ ဦးကို ဖမ်းဆီးထားပြီး သေသလား ရှင်သလားဆိုတာ အတည်ပြုလို့မရသေးပါဘူး။ ဖမ်းဆီးခံရတဲ့ ရွာသားက ရွာထဲမှာ စစ်သား‌တွေရှိတယ်လို့ ဖုန်းပြောနေတာလို့ဆိုပြီး စစ်ခွေးတွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ပဲ သိရတယ်။ အခုခွေးစစ်ကြောင်းက ဆင်စွယ်ရွာမှာ အထိုင်ချထားပြီး ဘေးပတ်ဝန်းကျင်ရှိ ရွာတွေကို ရွာစဉ်လှည့်လည်ပြီး ဆိုင်ကယ်တွေ ကားတွေနဲ့ သွားလာ စစ်ကြောင်းထိုးနေတာ စစ်ခွေးတွေက ၄၀၀ အင်အားဝန်းကျင်လောက်ရှိမယ်။ ဆင်စွယ်ရွာမှာ အရပ်သားပြည်သူတွေ အသတ်ခံရတယ်လို့ သတင်းကြားပေမယ့် အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ရင်ပေါင်တိုင်ရွာနှင့် ဆင်စွယ်ရွာအနီးနားရှိ ကျေးရွာပေါင်း ၁၅ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ရင်ပေါင်တိုင်ရွာ၊ ဆင်စွယ်ရွာ၊ ဆင်တဲရွာ၊ ညောင်တန်းရွာ၊ ပြအိုရွာနှင့် နုန်းတန်းရွာတို့ရှိ ပြည်သူများသည် နေအိမ်များကို စွန့်ခွာတိမ်းရှောင်နေရသည်မှာ ၁ လကျော်ကြာပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကြောင်းသည် ဆင်စွယ်ရွာမှ တစ်ဆင့် ယင်းမာပင်မြို့ထဲသို့ ကား၊ ဆိုင်ကယ်များဖြင့် နေ့ညမရွေး သွားလာလှုပ်ရှား၍ ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ပုထိုးသာရွာ၊ မောင်းတုံရွာ၊ ပုပ္ပါရွာ၊ တမာပင်ခွရွာနှင့် ငါးမောင်းရွာတို့မှ ပြည်သူများသည်လည်း စစ်ကြောင်းဝင်ရောက်လာမည်ကို ထိပ်လန့်နေကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ဆင်စွယ်ရွာ ကနေတဆင့် ယင်းမာပင်မြို့ထဲကို နေ့ညမရွေး ကား ဆိုင်ကယ်တွေနဲ့ပါ သွားလာနေတဲ့အခြေအနေကြောင့် ဖြတ်သန်းရာရွာတွေမှာရှိတဲ့ ပုထိုးသာရွာ၊ မောင်းတုံရွာ၊ ပုပ္ပါရွာ၊ တမာပင်ခွရွာနဲ့ ငါးမောင်းရွာက ပြည်သူတွေဟာ ကျီးလန့်စာစား နေထိုင်နေကြရတာပါ။ ကျန်သောအနီးအနားရှိ ကျေးရွာတွေကတော့ စစ်ကြောင်းသတင်းကိုနားစွင့်ထားပြီး စစ်ကြောင်းဦးတည်လာရင်အဆင်သင့်ဖြစ်အောင် နေထိုင်နေကြရတယ်။ ပဲခင်းမရွာကို စစ်ကြောင်းထိုးတုန်းကလည်း ဘုန်းကြီးကျောင်းက ကားကို စစ်ခွေးတွေက ယူသွားကြတယ်လို့သိရတယ်။ စစ်ရှောင်ပြည်သူတွေက မိုးဦးကျပြီဆိုတော့ တောင်သူတွေလည်း ထွန်ယက်စိုက်ပျိုးချိန် မလုပ်နိုင်ကြတော့ဘူး။ မိုးဦးနှမ်းလည်း မစိုက်ကြရတော့ လာမယ့်နှစ် စားသုံးဆီတောင် အခက်အခဲဖြစ်လာနိုင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – ယင်းမာပင်မြို့နယ်တွင် ညအချိန် စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article