29 C
Yangon

ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ လေယာဉ်ဗုံးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်၏ ကား ၂ စီး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) မှ ပေါင် ၂၅၀ လေယာဉ်ဗုံးများ တင်ဆောင်လာသည့် စစ်ကောင်စီ စစ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး စစ်တပ်၏ ကား ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက်နေ့နှင့် မေလ ၁၇ ရက်နေ့တို့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပေါင် ၂၅၀ လေယာဉ်ဗုံးသီးများ တင်ဆောင်လာသည့် ယာဉ်အပါအဝင် စစ်ကား ၁၃ စီးပါဝင်သော စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဆော-ဆိပ်ဖြူ လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၈ ဦး သေဆုံးကာ၊ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကား ၂ စီးလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်းမှ တာဝန်ရှိသူက “မေလ ၁၆ ရက်နေ့မှာ စတင်ထွက်လာတဲ့ ကပစ ၂၁ က ထွက်လာတဲ့ လေယာဉ်ပစ်ဗုံးသီးတင်တဲ့ကားကို စတင်ဆွဲခဲ့တာပါ။ မေလ ၁၆ ရက်နေ့မှာ တစ်ကြိမ် မိုင်းဆွဲခဲ့တယ်။ မေလ ၁၇ ရက်နေ့မှာက တစ်ကြိမ် ပြန်လာတဲ့ကားကို မိုင်းဆွဲခဲ့တာပါ။ ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဆိပ်ဖြူမြို့နယ် ကပစ ၂၁ က ထွက်လာတဲ့ လေယာဉ်ဗုံးသီးတင်လာတဲ့ စစ်ကောင်စီကားတွေက မကွေးလေတပ်စခန်း၊ မိတ္ထီလာနဲ့ နေပြည်တော်ကို အဓိကပို့နေပါတယ်။ တစ်ပတ်ကို ၂ ကြိမ်နဲ့အထက် ပို့နေတာပါ။ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီကားအင်အား ကားအစီးရေ ၁၃ စီး တက်လာတယ်။ စစ်သား ခန့်မှန်းခြေ ၁၅၀ ခန့်နဲ့ အထက်ရှိပါတယ်။ ၂ ရက်ပေါင်း စစ်ကောင်စီဘက်က သေဆုံးတာ ၈ ကောင်သေဆုံးတယ်။ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ကား ၂ စီးကတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်ကောင်စီလက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ လက်ရှိမှာ စစ်ကောင်စီတွေက လောလောဆယ် ဆော-ဆိပ်ဖြူလမ်းမှာ ကင်းယူနေပါတယ်။ ယခုချိန်ထိတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်”ဟု ရှင်းပြသည်။

အဆိုပါ စစ်ယာဉ်တန်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်းနှင့် ပခုက္ကူခရိုင် တပ်ရင်း ၄ တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article