ရန်ကုန်၊ မေ ၂၀
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၁၂ ရက်နေ့တွင် လယ်ဒိုမြို့နယ်အတွင်းရှိ တောကျောင်းပေါက်ရွာ၊ သောင်းဘုရွာနှင့် ဝေဒေါ်ခို ကျေးရွာများများကို အကြမ်းဖက် စစ်တပ်၏ နတ်သံကွင်း အခြေစိုက်စခန်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း တောကျောင်းပေါက်ကျေးရွာအတွင်းကို ကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၇၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့တွင် မအူပင်ကျေးရွာကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
မေလ ၁၅ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ အင်းဂနီကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ဘုတလင်မြို့နယ် ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် Gyrocopter ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့် နှင့် ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို မုံရွာ နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ ဘုတလင်မြို့နယ် တွင်လည်း အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်နှင့် ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၇ မိနစ်ခန့်တွင် မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို Gyrocopter ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှု အတွင်း ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ပေါက်မြို့နယ်ထဲ ကျဲတာက ကျနော်တို့ လေကြောင်း ထောက်ရသလောက်ကတော့ Gyrocopter ၃ စီးနဲ့ ကျဲသွားတာ ၂ ရက်ဆက်တိုက်ပဲ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး။ ဘုတလင်ကို ကျဲတာကျတော့ ထိခိုက်မှုရှိတယ်ပဲ သိရတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ဒေသတင်းရင်းမြစ်များက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ပံအိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့တွင် နံနက် ၉နာရီခန့်တွင် ပခုက္ကူတပ်မ ၁၀၁ မှတက်လာသော စက်တပ်လေထီး ၂ စီးသည် မြိုင်မြို့နယ် အရှေ့တောင်ဘက် လက်ပံအိုင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက တစ်ကြိမ်ထဲကို ဗုံး ၂လုံးနဲ့ ကျဲသွားတာပါ။ လက်ပံအိုင့်ကျေးရွာရဲ့ ရွာအပြင်က တောထဲကို ကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုး မရှိဘူးလို့ သိရပါတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။






