27 C
Yangon

မန္တလေးတွင် လူမိုက်များနှင့် ထောင်ထွက်များကို စုစည်း၍ ဝီရသူ၊ ပေါက်ဘုန်းကြီး၊ တစညအမတ် နေမျိုးကျော်တို့က ဦးဆောင်ကာ ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့ ထူထောင်ထားပြီး ပေါ်တာဆွဲငွေညှစ်၊ လောင်းကစား၊ မူးယစ်ဆေး၊ ဂိုဏ်းဖွဲ့ဆက်ကြေးတောင်း၊ မြေသိမ်းယူမှုများကို အကြီးအကျယ် ကျူးလွန်နေ

Must read

ရန်ကုန်၊ မေ ၂၀

မန္တလေးမြို့တွင် လူမိုက်များနှင့် ထောင်ထွက်များကို စုစည်း၍ ပေါက်ဘုန်းကြီး၊ ဝီရသူနှင့် တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) အမတ် နေမျိုးကျော်တို့က ဦးဆောင်ကာ “ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့” ကို ထူ ထောင်ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ဂိုဏ်းဖွဲ့၍ ဆက်ကြေးတောင်းခြင်းနှင့် မြေသိမ်းယူခြင်း အပါအဝင် မကောင်းမှုမှန်သမျှကို အကြီးအကျယ် ကျူးလွန်နေကြောင်း မြေပြင်သတင်းမြစ်များထံမှ သိရသည်။

မန္တလေးမြို့ရှိ ပျူစောထီးအဖွဲ့များကို မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) ဟောင်းများ၊ ဝီရသူ၊ ပေါက်ဘုန်းကြီး (ခေါ်) ပေါက်ကိုယ်တော်နှင့် တစညပါတီမှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် နေမျိုးကျော်တို့က စစ်အာဏာသိမ်းပြီးနောက် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ရဲမွန်တောင် ပြည်သူ့စစ်ဌာနေအဖွဲ့အဖြစ် ၂၀၂၃ ခုနှစ် ဧပြီလတွင် စစ်တပ်ထံမှ ခွင့်ပြုချက်ဖြင့် ထူထောင်ခွင့်ရရှိခဲံသည်။

“ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့” (ပသစ) မှာ မန္တလေးတွင် အဓိက အင်အားအကြီးဆုံးအဖွဲ့ ဖြစ်ပြီး လက်ရှိတွင် စုစုပေါင်း ပျူစောထီး အဖွဲ့ဝင်အင်အားမှာ ၇၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် ပုံမှန်အဖွဲ့ဝင် လက်နက်ကိုင်အင်အား ၆၀ နှင့် အရန်အင်အား ၆၀၀ ဝန်းကျင်ရှိပြီး၊ လက်နက်နှင့် ခဲယမ်းများကို စစ်ကောင်စီတပ်က တိုက်ရိုက်ထောက်ပံ့ပေးထားသည့်အပြင် အဓိကလူ ၆၀ ကိုလည်း စစ်တပ်က လစာပေးထားသည်။

ကျန်ရှိသည့် အဖွဲ့ဝင်အင်အား အများအပြားအတွက် ချမ်းမြသာစည်မြို့နယ်မှ မဘသတဖြစ်လဲ ရှေ့နေ၊ လက်ရှိ တစညအမတ် နေမျိုးကျော်က ငွေရှာ၍ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ နေမျိုးကျော်သည် မဘသဘုန်းကြီး ပေါက်ကိုယ်တော်၏ တပည့်အရင်းဖြစ်သည်။

နေမျိုးကျော်သည် ၎င်း၏ တရားမဝင် ရရှိထားသော ငွေကြေးများကို ငွေမည်းခဝါချရန်အတွက် တရားဝင်ပြသ၍ရသည့် တည်းခိုခန်းလုပ်ငန်း၊ နယူးစတား ရေသန့်လုပ်ငန်းနှင့် အချိုရည်လုပ်ငန်းများကို ဝင်ငွေရလမ်း အရင်းအမြစ်အဖြစ် ပြသထားသည်။

“တကယ်တမ်း သူတို့ ငွေရှာတဲ့ လုပ်ငန်းတွေကတော့ ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ်တွေကို ငွေညှစ်တာ၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်။ စီးပွားရေးကိစ္စ အထူးသဖြင့် အကြွေးတောင်းတဲ့ကိစ္စမျိုးတွေမှာ ငွေယူ၊ အင်အားပြပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ မြေကွက်တွေကို သိမ်းယူပြီး အကွက်ရိုက်ရောင်းတာတွေနဲ့ ငွေရှာနေကြတာ ဖြစ်ပါတယ်”ဟု ယင်းပျူစောထီးအဖွဲ့အကြောင်း သိရှိထားသော သတင်းရင်းမြစ်က ရှင်းပြသည်။

ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့လက်အောက်တွင် မြို့နယ်နှင့် ရပ်ကွက်အလိုက် ဦးဆောင်နေသည့် ပျူစောထီး ခေါင်းဆောင်နှင့် အဖွဲ့များရှိနေပြီး ၎င်းတို့မှာ ချိုကြီး (ခ) မြင့်ချို (ပြည်ကြီးတံခွန် မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်)၊ ဘိုဘိုမင်း (ခ) ဘိုဘို (ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် ပျူခေါင်းဆောင်) ဂူဂူး (ပြည်ကြီးတံခွန်မြို့နယ်၊ ပျူခေါင်းဆောင်)၊ အောင်နိုင်ထွေး (ခ) ကျော်သက်ရှည် (ခ) နှုတ်ခမ်းမွှေး (ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်မြောက်ဥယျာဉ်ရပ်ကွက်) စံရှား (ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်) တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ပျူခေါင်းဆောင် စံရှားဆိုသူမှာမူ မကြာသေးမီက စစ်ကောင်စီ ထိပ်ပိုင်းနှင့်ပတ်သက်သော အမျိုးတော်စပ်သူပိုင်ဆိုင်သည့် မြေကွက်ကို မတရားသိမ်းယူ အကွက်ရိုက်၍ သူတစ်ပါးအား လိမ်လည်ရောင်းစားမိခြင်းကြောင့် စစ်ကောင်စီက ၎င်းအား ပြန်လည်ဖမ်းဆီးကာ ထောင်ချထားသည်ဟု သိရှိရသည်။

ထို့ပြင် ပေါက်ကိုယ်တော် (ခေါ်) ပေါက်ကတုံးသည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် လူမိုက် ဇော်ဝင်းမောင် ကိုလည်း ထောင်ထဲမှ ပြန်လည်ထုတ်ယူကာ အသုံးချနေပြီး၊ အဆိုပါအဖွဲ့မှ ကျော်သီဟ နှင့် ဇော်ဝင်းမောင် နှစ်ဦးလုံးသည် ပြည်သူ့စစ်အဖွဲ့အတွင်း ဝင်ရောက်ကာ မကောင်းမှုများ ပြုလုပ်ပြီးနောက် နေ့ချင်းညချင်း ကားပိုင်၊ အိမ်ပိုင်၊ ဆိုင်ပိုင်ရှင်ကြီးများ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့သည် ငွေမည်းများကို ခဝါချရန်အတွက် မန္တလေးမြို့ရှိ နာမည်ကြီး ဈေးသည်အွန်လိုင်းဆယ်လီ (Celebrity) များကို အသုံးချလျက်ရှိသည်။

ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့၏ ရာဇဝတ်မှုကွန်ရက်သည် မန္တလေးမြို့တွင်တင်မကဘဲ ရန်ကုန်မြို့အထိပါ ချိတ်ဆက်ထားပြီး၊ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ပရဟိတသမားအယောင်ဆောင်၍ လှုပ်ရှားပြနေသည့် “လှိုင်သာယာကိုကြီး” ဆိုသူသည်လည်း အဆိုပါ မန္တလေး ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့နှင့် တိုက်ရိုက် ဆက်စပ်ပတ်သက်နေကြောင်း မြေပြင်သတင်းများအရ အတည်ပြု သိရှိရသည်။

မန္တလေးတွင် တော်လှန်ရေးတပ်ဖွဲ့များ၊ ထောက်ပို့များကို စောင့်ကြည့်ရန် အဓိက ရည်ရွယ်ထားသော ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များမှာ ယခုအခါ ပြည်သူလူထုကို မတရား ညှဉ်းပန်းငွေညှစ်နေသော အဖွဲ့အစည်းများဖြစ်လာသော်လည်း စစ်တပ်က တစ်စုံတစ်ရာ အရေးယူမှု မရှိပေ။

ယခုနောက်ဆုံး စစ်မှုထမ်းအကြောင်းပြ၍ မန္တလေးတစ်မြို့လုံးတွင် လူငယ်များကို ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ မထင်လျှင် မထင်သလို အုပ်စုဖွဲ့ ရိုက်နှက် ဖမ်းဆီးမှုများကို ဆောင်ရွက်နေသူများမှာ ရဲမွန်တောင် ပြည်သူ့စစ်ဌာ နေ အဖွဲ့များ၏ လက်ချက်ဖြစ်သည်။

ယင်းပျူစောထီးအဖွဲ့များသည် စစ်တပ်အရာရှိများအတွက် ပုံမှန်ငွေရှာပေးနေသည့် ရှေ့ပြေးအဖွဲ့များလည်းဖြစ်ပြီး အထူးသဖြင့် မန္တလေးမြို့တစ်ခွင် နာမည်ကြီး ကြက်၀ိုင်းများ၊ လောင်းကစား၀ိုင်းများကို စျေးရောင်းပွဲနှင့်ဘုရားပွဲ အမည်တပ်၍ ကျင်းပနေကြသည်။

အကြမ်းဖက်စစ်တပ်၏ ထောက်ပံမှုများဖြင့် ကြီးထွားလာသော ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များကြောင့် မန္တ လေးတွင် ကောင်းရောင်းကောင်းဝယ် လုပ်စားမရတော့ဘဲ နယ်မြေအလိုက် ဆက်ကြေးပေးရမှုများလည်း ကြီးထွားလာနေသည်ဟု မန္တလေးမှ လုပ်ငန်းရှင်တချို့ကလည်း ပြောဆိုကြသည်။

လုံခြုံရေးအကြောင်းပြ ဖွဲ့စည်းထားသော ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ မှာ ပြည်သူထုကို ဖိနှိပ်နေသော အကြမ်း ဖက်စစ်တပ်လက်အောက်ခံယန္တရားကြီးတစ်ခုဖြစ်လာသည့်အပြင် လူမိုက်များနှင့် ခိုးဆိုးလုယက် ဒုစရိုက်သမားများအတွက် တရားဝင် မိုက်ကမ်း အနိုင်ကျင့်မှုများ ကျူးလွန်နိုင်ရေး အကာအကွယ်ပေးနေသည့် အဖွဲ့များဖြစ်လာနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article