ရန်ကုန်၊ မေ ၂၁
ပဲခူးတိုင်း၊ ပြည်မြို့တွင် နေအိမ်၌ အိပ်ပျော်နေစဉ် စစ်တပ်က စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ့ပါတီ (PP) ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော်မှာ ကျန်းမာရေးမကောင်းမွန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း ပြည်မြို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
မေလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ တိရစ္ဆာန်ရုံလမ်း၊ အမှတ် ၁၅၇၆ ရှိ နေအိမ်တွင် အိပ်ပျော်နေသော ပြည်သူ့ပါတီ၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း အသက် ၃၄ နှစ်အရွယ် ဦးဇေယျာဇော် ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးကာ ခမရ ၉၅၉ စစ်တပ်အတွင်း၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။
ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသည့် ဦးဇေယျာဇော်မှာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပဲခူးတိုင်းလွှတ်တော်၊ မဲဆ န္ဒနယ်မြေအမှတ်၅ ၌ အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦး ဖြစ်သည်။
ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ပြည်မြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြည်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံသို့ “စစ်မှုထမ်းအပတ်စဉ်ရွှေ့ဆိုင်းပေးပါရန် တင်ပြခြင်း” ခေါင်းစဉ်ဖြင့် မေလ ၂၀ ရက်စွဲတပ်ကာ အရေးပေါ် အသနားခံစာ တင်ပြခဲ့ရသည်။
ယင်းတင်ပြစာတွင် ဦးဇေယျာဇော်သည် လက်ရှိတွင် ကျန်းမာရေးချို့ယွင်းနေသဖြင့် ဆေးဝါးကုသမှုခံယူနေရသူ ဖြစ်သောကြောင့် စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းအား ခေတ္တရွှေ့ဆိုင်းပေးပါရန် လေးစားစွာ တင်ပြထားခြင်း ဖြစ်သည်။
ပြည်သူ့ပါတီဘက်က စာတင်ပြ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့ မေလ ၂၀ ရက်နေ့တွင် ဦးဇေယျာဇော်အား စစ်ကောင်စီတပ်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းပြန်လည်လွတ်မြောက်လာမှုနှင့် ပတ်သက်၍ ပြည်မြို့နယ် ပြည်သူ့ပါတီက မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို အထူးကျေးဇူးတင်ရှိကြောင်း ဦးကျော်ဆန်းက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၅ ရွေးကောက်ပွဲဝင်ထားသည့် နိုင်ငံရေးပါတီတစ်ခု၏ တရားဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကိုပင် ညဉ့်နက်သန်းခေါင်အချိန်တွင် နေအိမ်၌ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲသည့် လုပ်ရပ်သည် စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် လုံးဝဆန့်ကျင်နေသည့်အပြင် မြေပြင်တွင် မည်သူ့ကိုမဆို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ပြည်မြို့မှ ဒေသပြည်သူတချို့က ပြောဆိုသည်။




