28 C
Yangon

ဘုတလင်၊ မြောင်၊ ကန်ပက်လက်နှင့် ပေါက်-မြိုင် မြို့နယ် အစပ်ကို စစ်တပ်က လေယာဉ်၊ Gyrocoptor၊ စက်တပ်လေထီး၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocoptor ၃ စီး ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်၊ စက်တပ်လေထီး ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်၊ အသေခံ ဒရုန်း ၆ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဆိပ်သာကန်ရွာ၊ နတ်ရွာ နှင့် အုတ်ဖိုရွာ အကြားကို ဗုံးကျဲ တိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းတွေက စိုင်ပြင်မြို့ထိ သွားမို့ မုံရွာ-ရေဦးလမ်းပိုင်းက ဗုံးကျဲ တိုက်ခိုက်ပြီး ရှင်းလင်းရေး လုပ်နေတာလို့ ယူဆတယ်။ ပြည်သူတွေ အကုန်လုံးကတော့ ကြိုရှောင်နေရပြီ မနေ့ကလည်း စစ်ခွေးတွေက ရွာတွေကို ဝင်စီးပြီး နေအိမ်ထဲက ပစ္စည်းတွေ အကုန်လုံး ခိုးယူသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဇင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီကျော်ခန့်တွင် ပခုက္ကူမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တက်လေထီး ၂ စီးက ချောင်းဇင်းရွာကို ၁၂၀ မမ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ် အစပ် လက်ပံတိုရေနံမြေကိုလည်း အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အခြေစိုက် နမခ မှ တက်လာသော Gyrocoptor ၃ စီးဖြင့် ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ကန်ပက်လက်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ – ကန်ပက်လက်မြို့ပေါ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော အဆောက်အဦးများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article