ရန်ကုန်၊ မေ ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်က နေအိမ်များကို ဖောက်ထွင်းပြီး လမ်းသွားလမ်းလာ ပြည်သူများထံမှ တန်ဖိုးရှိ ပစ္စည်းများကို ဓားပြ တိုက်ယူနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂၀ ရက်နေ့ ညပိုင်းတွင် ဖားကန့်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ယူမာရွာ မျော့ခြံနှင့် လုံးခင်းရွာ မျောက်ကုန်း တို့ကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ မေလ ၂၁ ရက်နေ့တွင်လည်း လုံးခင်းကျေးရွာအုပ်စု မှော်စီဆာရွာဈေးကို သွားရောက်သည့် ပြည်သူများကို ဘုရားကုန်းနှင့် အောင်ကမ္ဘာမုန့်ဆိုင် အနီးတွင် အရပ်ဝတ် ဝတ်ဆင်ထားသော အကြမ်းဖက် စစ်သားများက တန်ဖိုးရှိ ပစ္စည်းများ ဓားပြတိုက်ယူသွားကြောင်း၊ ထို့ပြင် ဆန်သွားဝယ်ယူသည့် အဖိုးအိုတစ်ဦးသည်လည်း ငွေကြေးများ ဓားပြတိုက်ခံရသောကြောင့် လက်ဗလာဖြင့် နေအိမ်သို့ ပြန်လာခဲ့ရကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း လုံးခင်းရွာရှိ ကိုဇော်ဒွဲ နေအိမ်ကိုလည်း အရပ်ဝတ် ဝတ်ဆင်ထားသော အသက် ၃၀ ဝန်းကျင်ရှိ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးက Hondafit ကားဖြင့် ရောက်ရှိလာပြီး နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့နောက် အိမ်စောင့်များကို သေနတ်ဖြင့် ချိန်၍ အခန်းအားလုံးကိဒ ရိုက်ဖွင့်ကာ ဘက်ထရီ ၂၅၀ အိုး ၊ စတားလင့် ၊ ဖုန်း၊ ကျောက်စိမ်းတုံး နှင့် အရက်ဗူးများပါယူဆောင်သွားကြောင်း သိရသည်။
“မနေ့က စစ်ခွေးတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ခွေး ၃ ကောင်သေတယ်လို့ သိရတယ်။ ဒီနေ့ နံနက်ပိုင်းကစပြီး စစ်ခွေးတွေက လုံးခင်းကျေးရွာ အုပ်စုထဲမှာ သောင်းကျန်းနေတယ်။ နေအိမ်တွေ နဲ့ လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ တန်ဖိုးရှိ ပစ္စည်းတွေကို အကုန်ဓားပြ တိုက်ယူနေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၂၀ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်ကလည်း မှော်ဝမ်းလေးကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်ကလည်း လုံးခင်းရွာကို ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လုံးခင်း ရပ်ကွက် ၄ ရှိ နေအိမ် ၁ လုံးကို ထိမှန်ကာ အမျိုးသမီး ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။






