28 C
Yangon

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား၊ ဖာပွန်ရှိ မဲကုလားရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ထား၀ယ်မြို့နယ် စကခ-၈ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးက သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် စော်ဖျားရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဥတ္တူရွာ တောင်ပိုင်းရှိ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်သောကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း၊ ထို့ပြင် စော်ဖျားရွာ ဗုံးကျဲ တိုက်ခိုက်မှုတွင် ကျေးရွာ ဘုရားကုန်းပေါ်ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“အခု ၁၂ နာရီခွဲလောက်က သရက်ချောင်းမြို့နယ်ထဲက ဥတ္တူရွာနဲ့ စော်ဖျားရွာကို ဂျိုင်ရိုကော်ပတာနဲ့ အကြောင်းမဲ့ ဗုံးလာကျဲသွားတယ်။ အေးအေးဆေးဆေးနေကြတဲ့ လူနေရပ်ကွက်ကို တိုက်ပွဲမရှိဘဲ စစ်ခွေးတွေက ကျဲချ တိုက်ခိုက်သွားတာ ဥတ္တူရွာတောင်ပိုင်းက လူနေအိမ်ပေါ်ကျတယ် ပြည်သူ ၇ ဦး ထိတယ်။ ၃ ဦးသေဆုံးတယ်။ ကျန်တာတော့ ဒဏ်ရာပြင်းထန်ရတယ်။ စော်ဖျားရွာမှာတော့ ဘုရားကုန်းပေါ်ကျတယ် ထိခိုက်ပျက်စီးရှိတယ်။ လူထိခိုက်တာမရှိဘူးလို့ ကြားရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲကုလားရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဖာပွန်မြို့နယ်၊ မဲကုလားရွာထဲကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း နေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက ရွာထဲကို ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေကတော့ ရွာထဲမှာမရှိလို့ ကံကောင်းတယ်ပဲပြောရမယ်။ နေအိမ်တွေကတော့ ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော ဖာပွန်မြို့နယ်၊ မဲကုလားရွာမှ နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article