ရန်ကုန်၊ မေ ၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိကြီးအချို့အပါအဝင် ၈ ဦးခန့် သေဆုံးခဲ့ကြောင်း NUG အစိုးရ ၊ ပြည်ထဲ ရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၉ ရက် ည ၉ နာရီ ၅၅ မိနစ်က မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက် ခိုက်ခဲ့ရာ ၄ လုံးမှာ တိုင်းစစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရာရှိကြီးတချို့အပါအဝင် ၈ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အအုံပျက်စီးဆုံးရှုံးမှုများလည်းရှိ ကြောင်း သိရသည်။
“သတင်းပေးပို့ချက်အရ ဗဟိုကင်းနား ကျရောက်ပေါက်ကွဲတာကြောင့် ၂၀ ကျော် ဒဏ်ရာရပြီး ၈ ဦး လောက် သေဆုံး တယ်လို့ သိရပါတယ်။” ဟု NUG အစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန် ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန၊ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF) ၊ Justice Brothers Force ၊ ရွှေတြိဂံမဟာမိတ်တပ် ရင်း နှင့် ဆားတောင်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးဆိုတာ အင်မတန်ကြမ်းတမ်းတဲ့ လူမှုအပြောင်းအလဲကြီးတခုပါ။ လူ့အဖွဲ့အစည်းသစ် ကို မွေးဖွားနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် အမိနိုင်ငံတော်မှာ နာကျင်မှုတွေ အပြင်းထန်ဆုံး ခံစား နေရမှာပါ။ ပြည်သူတွေအနေနဲ့ ဒီအခြေအနေကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်လက်ဖြတ် သန်းဖို့ တိုက်တွန်းလိုပါတယ်။ ပြည်သူ လူထုကသာ သမိုင်းဖန်တီးသူပါ။ တိုက်တွန်း စရာမလိုအောင် ကို ပြည် သူလူထုဟာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ တော်လှန်ရေးမှာ ပါဝင်နေတယ်လို့ ကျနော်ယုံပါတယ်။” ဟု NUG အစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ပြောဆို သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အာဏာရှင်အား အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မိဘပြည်သူလူထုအနေဖြင့် စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် တော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။




