ရန်ကုန်၊ မေ ၂၂
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းသို့ တရားမဝင် ခိုးဝင်လာသော ကလေးငယ် ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် လမ်းပြ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် ကန်ချနဘူရီခရိုင် ပြည်တွင်းလုံခြုံရေးကြီးကြပ်မှုအဖွဲ့ (ISOC) ဒုတိယညွှန်ကြားရေးမှူး၏ ညွှန်ကြားချက်အရ ပူးပေါင်းအဖွဲ့များက တရားမဝင်နိုင်ငံခြားသားများ ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေအတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်နေစဉ် ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ခိုးဝင်လာကြောင်း သတင်းပေးချက်အရ ကန်ချနဘူရီခရိုင်၊ မူအန်းမြို့နယ်၊ ဝမ်ဒုန်းကျေးရွာအုပ်စု၊ နောင်ဆမ်ဖရမ်ကျေးရွာအနီး အမှတ် ၃၂၃ လမ်းမကြီးပေါ်တွင် သံသယဖြစ်ဖွယ် ဗန်ကား ၁ စီး မောင်းနှင်လာသည်ကိုတွေ့ရှိ၍ ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကားကို စစ်ဆေးရာတွင် ယာဉ်မောင်းဖြစ်သူ လမ်းပြ ထိုင်းနိုင်ငံသား ၁ ဦးနှင့် ကားပေါ်တွင် လိုက်ပါလာသော ကလေး ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦး တို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့သည် ခရီးသွားလာခွင့်စာရွက်စာတမ်းနှင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသောကြောင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကာ ခွင့်ပြုချက်မရှိဘဲ နေထိုင်မှု၊ လမ်းပြဖြစ်သူ ထိုင်းနိုင်ငံသား ယာဉ်မောင်းကို တရားမဝင် ခိုးဝင်လာသော နိုင်ငံခြားသားများအား နည်းလမ်းမျိုးစုံဖြင့် ကူညီဖုံးကွယ်ပေးမှုတို့ဖြင့် လတ်ယာ ရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိများထံသို့ သက်သေခံ ဗန်ကား ၁ စီးနှင့်အတူ လွှဲပြောင်းကာ ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။






