ရန်ကုန်၊ မေ ၂၂
ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မှောင်ခိုကူးမှုကို တားဆီးနှိမ်နင်းရန်အတွက် ထိုင်း-မြန်မာနယ်စပ်၊ မဲဟောင်ဆောင်ရှိ ဟွေဖူးအင် (Huai Phueng) နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှုနှင့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ် သွားလာမှုအားလုံးကို ယာယီရပ်ဆိုင်းထားကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာသည်။
ယနေ့ သောကြာနေ့တွင် မဲဟောင်ဆောင်ခရိုင်၊ ဟွေဖာဆုမြို့နယ်၊ ဘန်ဟွေဖူးအင်ကျေးရွာမှ နယ်စပ်ကုန်သည် ၂၀ ကျော်သည် ဟွေဖာဆုမြို့နယ် စီမံခန့်ခွဲရေးရုံး၌ စုဝေးခဲ့ကြပြီး အဆိုပါ ကန့်သတ်ချက်များကို ဆန္ဒပြခဲ့ကြကြောင်း၊
ကုန်သည်များက မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်မှု ရပ်ဆိုင်းထားခြင်းကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပြင်းထန်စွာ ထိခိုက်နေပြီး လစဉ်ပုံမှန် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေရသဖြင့် မဲဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးအေဂျင်စီများထံ ညှိနှိုင်းပေးရန် တရားဝင် အသနားခံစာ တင်သွင်းခဲ့ကြသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပေါ် မှီခိုနေရသည့် ဒေသခံလူထုမှာ စီးပွားရေးအရ ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် အာဏာပိုင်များအနေဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်ရန် ၎င်းယာယီနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးဖို့ ကုန်သေတ္တာနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက တောင်းဆိုထားကြသည်။
ထိုင်းလုံခြုံရေးအရာရှိများက ဟွေဖူးအင်နယ်စပ်ဂိတ်ကို လုံးဝပိတ်ပစ်လိုက်သည်ဟူသော ပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး လမ်းလျှောက်ဖြတ်သန်းမည့်သူများအတွက် ဆက်လက်ဖွင့်လှစ်ထားကြောင်း ရှင်းလင်းခဲ့သည်။
သို့သော်လည်း တရားမဝင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုမည့် ရှေ့ပြေးဓာတုပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်မှုကို ကြားဖြတ်ဟန့်တားရန် လုံခြုံရေးအရ စိုးရိမ်မှုများနှင့် စစ်ဆေးရေးမူဘောင်အသစ်များကြောင့် မြန်မာနိုင်ငံဘက်သို့ ကုန်စည်တင်ပို့မှုနှင့် ယာဉ်ဖြတ်သန်းမှုအားလုံးကို ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း ဆိုသည်။
အာဏာပိုင်များ၏ အဆိုအရ မကြာသေးမီက မြန်မာနိုင်ငံဘက်သို့ တင်ပို့မည့် သံသယဖြစ်ဖွယ် ဓာတုပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများကို တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အချို့သော လုပ်ငန်းရှင်များက အကောက်ခွန်ကြေညာလွှာများတွင် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ လိမ်လည်တင်ပြထားမှုများ တွေ့ရှိရသဖြင့် စစ်ဆေးရေးနှင့် စာရွက်စာတမ်းဆိုင်ရာ လုပ် ငန်းစဉ်များကို ပြန်လည်သုံးသပ်နေစဉ်အတွင်း ကုန်စည်စီးဆင်းမှုကို ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိတွင် မဲဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးက လာမည့် မေလ ၂၅ ရက်နေ့တွင် ဘန်ဟွေဖူးအင် ယာယီနယ်စပ်ဂိတ်သို့ ကိုယ်တိုင်သွားရောက်ကာ မြေပြင်အခြေအနေကို စစ်ဆေးပြီး ဒေသခံကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ကုန်စည်ပို့ဆောင်ရေး ပြတ်တောက်မှုများကို ဆန်းစစ်ရန်နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ရန် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ နယ်စပ်လုံခြုံရေးနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများအကြား ဟန်ချက်ညီစေမည့် ဖြေရှင်းချက်ကို ရှာဖွေသွားမည် ဖြစ်သည်။
ထို့အတူ လာမည့် မေလ ၂၇ ရက်နေ့တွင် ခရိုင်အာဏာပိုင်များက ပူးတွဲကော်မတီအစည်းအဝေးတစ်ရပ်ကို ထပ်မံကျင်းပကာ ၎င်းနယ်စပ်ဂိတ်၏ ရေရှည်စီမံခန့်ခွဲမှု အစီအစဉ်များနှင့် ပိုမိုတင်းကျပ်သော စနစ်အောက်တွင် တရားဝင်ကုန်သွယ်မှုများ ပြန်လည်စတင်နိုင်ရေးအတွက် စစ်ဆေးရေးလုပ်ငန်းစဉ်များကို ပြင်ဆင်မွမ်းမံနိုင်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းသွားရန် သတ်မှတ်ထားကြောင်း သိရသည်။




